ရက်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူနိုင်ရေးအတွက် ပရီးမီးယားလိဂ်စတားဟောင်းကို ရောင်းချပြီး ငွေကြေးဖြည့်တင်းလာမယ့် ဘာစီလိုနာ
=======================
ဘာစီလိုနာဟာ နွေရာသီတွင် မားကပ်စ်ရက်ဖို့ဒ်အား အပြီးသတ် ခေါ်ယူနိုင်ရေးအတွက် ကစားသမားတစ်ဦးကို ရောင်းချကာ ငွေကြေးဖြည့်တင်းမှု ပြုလုပ်လာပါမယ်။

ယူနိုက်တက်မှ အငှားဖြင့် လာကစားနေတဲ့ ရက်ဖို့ဒ်ဟာ ဘာစီလိုနာတွင် ခြေစွမ်းပြကစားနေပြီး သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းတွင်လည်း အရေးပါတဲ့သူအဖြစ် ပြန်ကစားခွင့် ရနေပါတယ်။

ဘာစီလိုနာဟာ ရက်ဖို့ဒ်ကို အနည်းဆုံး နောက်ထပ် တစ်ရာသီ ဆက်လက်ထိန်းသိမ်းထားလိုနေပြီး အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့် တစ်ရာသီအငှားဖြင့် ထပ်မံခေါ်ယူလိုနေကြောင်း သတင်းထွက်နေပါတယ်။

ဒါပေမယ့် တဖက်တွင် ယူနိုက်တက်ဘက်က အငှားစာချုပ်တွင် ထည့်သွင်းထားတဲ့အတိုင်း ပေါင် ၂၆ သန်းဖြင့် အပြီးသတ် ရောင်းချမှုသာ ပြုလုပ်လိုနေပါတယ်။

ဒါကြောင့်လည်း ဘာစီလိုနာဟာ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးကို အပြီးသတ်ခေါ်ယူနိုင်ရေးအတွက် နွေရာသီတွင် ဖာရန်တောရက်စ်အား ရောင်းချရန် အလေးအနက်ထားစဉ်းစားလာကြောင်း သိရပါတယ်။

စပိန်တိုက်စစ်သမားဖာရန်တောရက်စ်ဟာ ၂၀၂၂ ခုနှစ်တွင် မန်စီးတီးမှ ပြောင်းလာသူ ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။

ဒါကြောင့်လည်း ဘာစီလိုနာအနေဖြင့် လာမယ့်နွေရာသီတွင် တောရက်စ်ကို မရောင်းချပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမယ့် အခြေအနေ ကြုံနေပါတယ်။

ဘာစီလိုနာဟာ နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဝါရင့်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးကို တစ်နှစ်စာချုပ်သက်တမ်းတိုးမှု ပြုလုပ်ရေး ကြိုးပမ်းနေပါတယ်။

ဒါ့အပြင် ဘာစီလိုနာဟာ ကျောနံပါတ် ၉ နေရာအတွက် အက်သလက်တီကိုမှ အာဂျင်တီးနားတိုက်စစ်သမားဂျူလီယန်အယ်ဗာရက်ဇ်ကို ခေါ်ယူလိုနေပါသေးတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ၃၉ ပွဲကစားထားရာမှာ ၁၀ ဂိုးသွင်းပြီး ၁၃ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။

image