၂၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားအမီ ကွင်းသစ်အပြီးတည်ဆောက်ရေးအိပ်မက်ကို ဆက်ထိန်းထားတဲ့ ယူနိုက်တက်
=======================
ယူနိုက်တက်ဟာ ၂၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲအမီ ကွင်းသစ် အဆင်သင့်ဖြစ်ရေး အိပ်မက်အား ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်က လက်ရှိ အသုံးပြုနေတဲ့ အိုးထရက်ဖို့ဒ်ကွင်းအနီးတွင် ပရိသတ် တစ်သိန်းဆန့် ကွင်းသစ်တည်ဆောက်ရေး စီမံကိန်းအား ကြေညာပြီးနောက် ယခုအခါ တစ်နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

ရက်ကလစ်ဖ်က ကွင်းသစ်စီမံကိန်းအား ၅ နှစ်အတွင်း အပြီးသတ်ရန် သတ်မှတ်ထားပေမယ့် ဘယ်တော့ တည်ဆောက်မှုလုပ်ငန်း စတင်မလဲဆိုတာ မသိရသေးပါဘူး။

ယင်းသို့ ကွင်းသစ်တည်ဆောက်ရေး ဘယ်တော့ စတင်မလဲမသိရသေးသလို ကွင်းသစ်တည်ဆောက်ရေးမြေနေရာလည်း ပိုင်ဆိုင်ထားခြင်း မရှိသေးမှုနှင့်အတူ ယင်းစီမံကိန်းနှင့်ပတ်သက်ပြီး သံသယဝင်စရာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ကတော့ ကွင်းသစ်ကြီးအား ၅ နှစ်အတွင်း အပြီးသတ်တည်ဆောက်ရေးလုပ်ဆောင်နိုင်မယ်လို့ အပြည့်အဝယုံကြည်နေတုန်း ဖြစ်ပါတယ်။

ကွင်းသစ်စီမံကိန်းအတွက် အသစ်ခန့်အပ်ခြင်းခံရတဲ့ အမှုဆောင်ချုပ်ကိုလက်တီရိုချီက "တည်ဆောက်ရေးအတွက် လေးနှစ်ကနေ ငါးနှစ်အတွင်း အချိန်ယူရမယ်လို့ ကျွန်မတို့ ပြောခဲ့တယ်။ လူတွေက ၂၀၃၀ ကျရင် ကွင်းသစ်အသင့်ဖြစ်နေမယ်လို့ ဖတ်ရတယ်။ ဒါပေမယ့် မြေနေရာ ပိုင်ဆိုင်ရေး၊ ရန်ပုံငွေ၊ ဆောက်လုပ်ခွင့်စတာတွေကြောင့် တည်ဆောက်ရေးအတွက် တစ်နှစ်ကနေ နှစ်နှစ်အထိ အချိန်ယူရမယ်။ ဒါက အခုက ကျွန်မတို့ လုပ်ဆောင်နေတဲ့ အရာတွေရဲ့ အစိတ်အပိုင်းပါ။ ဘယ်တော့ဖွင့်မလဲ ရက်မသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့် သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတုန်းပါ"လို့ ဆိုသွားပါတယ်။

ယူနိုက်တက်ဟာ ကွင်းသစ်ကြီးတွင် ၂၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲ လက်ခံကျင်းပရန် ရည်ရွယ်ထားပါတယ်။

ရိုချီကလည်း "ကျွန်မတို့အစီအစဉ်က နိုင်ငံတကာအားကစားပြိုင်ပွဲတွေ၊ ဖျော်ဖြေပွဲတွေ လက်ခံကျင်းပဖို့ပါ။ မြို့တော်ဝန်အင်ဒီဘန်းဟမ်ကလည်း ၂၀၃၅ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကျင်းပဖို့ ရည်မှန်းထားကြောင်း ဆိုထားတယ်။ ဒါကို လုပ်နိုင်ခဲ့ရင်တော့ အံ့ဩစရာဖြစ်လာမှာပါ"လို့ ဆိုသွားပါတယ်။

ယူနိုက်တက်ဟာ ကွင်းသစ်စီမံကိန်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေး၊ နေအိမ်သစ်စီမံကိန်းတို့လည်း ပြုလုပ်ထားတာ ဖြစ်ပြီး ယင်းစီမံကိန်းအားလုံးအတွက် ပေါင် ၂ ဘီလီယံအထိ ကုန်ကျလာပါမယ်။

image