မိုဟာမက်ဆာလက်ပြောင်းရွှေ့မယ့် ကလပ်နှင့်ပတ်သက်ပြီး အေးဂျင့် ဖွင့်ဟလာ
===================
မိုဟာမက်ဆာလက်က ရာသီအကုန်တွင် လီဗာပူးမှ ထွက်ခွာတော့မယ်လို့ ကြေညာလာပြီးတဲ့နောက် အေးဂျင့်ကလည်း အီဂျစ်စူပါစတား ပြောင်းရွှေ့ကစားမယ့် ကလပ်နှင့်ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်လာပါတယ်။

အသက် ၃၃ နှစ်ရှိ ဆာလက်က ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက လီဗာပူးနှင့် တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ တန် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့်လည်း မေလတွင် ၉ နှစ်ကြာ ကစားလာခဲ့တဲ့ အန်ဖီးလ်မှ ထွက်ခွာတော့မယ်လို့ ကြေညာလာပါတယ်။

လီဗာပူးနှင့် ဆာလက်တို့ဟာ တစ်နှစ်ကျန်စာချုပ်အား ဖျက်သိမ်းရန် နှစ်ဦးသဘောတူညီမှု ရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ယင်းသို့ ကြေညာလာပြီးနောက် ဆာလက်နှင့် ကာလရှည်ကြာ လက်တွဲလာတဲ့ အေးဂျင့်ရာမီအက်ဘက်စ်ကလည်း အီဂျစ်စူပါစတား ဘယ်ကလပ်သို့ ပြောင်းရွှေ့လာမယ်ဆိုတာနှင့်ပတ်သက်ပြီး ကြေညာလာပါတယ်။

အက်ဘက်စ်က "မိုဟာမက် လာမယ့်ရာသီမှာ ဘယ်နေရာမှာ ရှိမယ်ဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ ဘယ်သူမှလည်း သိမနေပါဘူး။ လူတွေရဲ့ အာရုံစိုက်မှုရှာနေကြတာတွေကို သတိထားကြပါ"လို့ ဆိုသွားပါတယ်။

လက်ရှိအချိန်တွင် ဆာလက်ကို ကမ္ဘာတလွှား ကလပ်အမြောက်အမြားတို့က စိတ်ဝင်စားနေကြပါတယ်။

ဆာလက်ကို ၂၀၂၃ ခုနှစ်တုန်းက ဆော်ဒီပရိုလိဂ်ကလပ် Al-Ittihad က ပေါင်သန်း ၁၅၀ ဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပါတယ်။ Al-Ittihad ဟာ နွေရာသီတွင် ဆာလက်ကို ခေါ်ယူရေး ကြိုးပမ်းလာဖို့ ရှိနေပါတယ်။

ဒါ့အပြင် မေဂျာလိဂ်ကလပ်များကလည်း ဆာလက်ကို ခေါ်ယူရေး ကြိုးပမ်းလာနိုင်ပါတယ်။

image