ရန်ကုန်–ဒလ YBS လိုင်းများ လမ်းကြောင်းတိုးချဲ့၍ ပြေးဆွဲ
ရန်ကုန်–ဒလ ခရီးစဉ်အတွက် ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများကို ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ လမ်းကြောင်းတိုးချဲ့ပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။
ယင်းလမ်းကြောင်းတိုးချဲ့ပြေးဆွဲမှုကို မတ် ၂၂ ရက်နေ့မှ စတင်ခဲ့ပြီး ယခင်က စမ်းသပ်ပြေးဆွဲခဲ့သော YBS ၅၈ နှင့် YBS ၇၂ ယာဉ်လိုင်းများအပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စမ်းသပ်ကာလအတွင်း ဒလမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ယာယီဂိတ်ထိုး၍ ဒလ–ဆူးလေ နှင့် ဒလ–ဗိုလ်တထောင် ခရီးစဉ်များ ပြေးဆွဲပေးခဲ့ရာ ဒေသခံပြည်သူများအတွက် သွားလာရေး အဆင်ပြေခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တိုးချဲ့လမ်းကြောင်းများအဖြစ် ဒလ–တွံတေး ကားလမ်းမဘေးရှိ ကျန်စစ်သားရပ်ကွက် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံအနီး ရတနာစက်သုံးဆီအရောင်းဆိုင် မျက်နှာချင်းဆိုင်တွင် ဒလ–ဆူးလေ ခရီးစဉ်၊ ဒလ–ဓနုတ်ကားလမ်းရှိ “ကြိုဆိုပါ၏” ဆိုင်းဘုတ်အနီးတွင် ဒလ–ဆူးလေ ခရီးစဉ်နှင့် ရဲချောင်းဝကျေးရွာတွင် ဒလ–ဗိုလ်တထောင် ခရီးစဉ်တို့အဖြစ် ဂိတ်များတိုးချဲ့၍ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။