ကျောက်ဖြူတိုက်ပွဲအတွင်း အစိုးရတပ်က ထိုးစစ်အရှိန် မြှင့်တင်လာ
ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူမြို့နယ် တိုက်ပွဲမှာ အစိုးရတပ်က အင်အား ထပ်မံ ဖြည့်တင်းကာ ထိုးစစ်အရှိန် မြှင့်တင်လာတဲ့အတွက် တိုက်ပွဲ ပိုမိုပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရတပ်တွေဟာ ပင်လယ်ပြင်က စစ်သင်္ဘောကြီးတွေရဲ့ လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူတွေကို အကာအကွယ်ယူပြီး ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာကနေ ဝါးနက်ချွိန်ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“အစိုးရတပ်တွေက စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်နေတာ။ သိုင်းချောင်းကနေပြီး ပြားကျွိန်ချောင်းဘက်ကို သွားနေတဲ့ စစ်ကြောင်းတကြောင်းလည်း ရှိသေးတယ်။ အဲဒီစစ်ကြောင်းတွေ လာရာလမ်းတလျှောက်ကို နေဗီတွေနဲ့ရော၊ ဒရုန်းတွေနဲ့ပါ လမ်းကြောင်း ရှင်းပေးနေတာ။ AA ကလည်း နေရာအနှံ့ကနေ ကြားဖြတ်တိုက်နေတော့ တိုက်ပွဲက ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ကျောက်ဖြူ စစ်မျက်နှာမှာ အစိုးရတပ်က အင်အား အများအပြားနဲ့ ဒေသအတွင်းရှိ အရေးပါတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အခု မတ်လအတွင်းမှာတော့ ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေကို ဘက်စုံ အသုံးပြုကာ စစ်ရေးအရှိန် မြှင့်တင်လာနေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ကျောက်ဖြူစစ်ရေးက အခုနောက်ပိုင်း ပိုပြင်းထန်လာသလို ဒရုန်းတိုက်ခိုက်တာတွေ နေရာအနှံ့ဆိုသလိုပဲ ဆက်တိုက် ဖြစ်လာတယ်။ မနေ့ကလည်း စနဲမြို့ဘက်မှာ ဒရုန်းကျလို့ လေးယောက် ဒဏ်ရာအပြင်းအထန် ရသွားတာရှိတယ်” လို့ သူက ပြောပါတယ်။
စနဲမြို့ဟာ ကျောက်ဖြူမြို့နယ်ထဲက မြို့နယ်ခွဲအဆင့် သတ်မှတ်ထားတဲ့မြို့ဖြစ်ကာ မနေ့ မတ် ၂၃ ရက်၊ မနက် ၁၁ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က အဲဒီမြို့ရဲ့ အလယ်ပိုင်းရပ်ကွက်ကို ဒရုန်းလေးစီး ကျရောက်ခဲ့တာကြောင့် လူထိခိုက်မှုအပြင် နေအိမ် ခြောက်လုံးနဲ့ ဈေးဆိုင်ခန်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တခုလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်နဲ့ မကွေး
တိုင်း ဝင်ပေါက်လမ်းဖြစ်တဲ့ အမ်း - ပဒါန်းလမ်းပိုင်းက နတ်ရေကန်ဗျူဟာကုန်းမှာလည်း အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပြီး လေကြောင်း တိုက်ခိုက်မှုတွေလည်း ဆက်တိုက် ရှိနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ နတ်ရေကန် ဗျူဟာအတွင်းက တပ်ဖွဲ့ဝင်တွေကို အစိုးရတပ်က လေကြောင်းကနေ လေထီးတွေနဲ့ အဆက်မပြတ် ရိက္ခာ ဖြည့်တင်းပေးနေသလို မြေပြင်ကနေလည်း စစ်ကူစစ်ကြောင်းတွေ ဆက်တိုက် ပို့ဆောင်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ စစ်ကြောင်းတွေကို AA ပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်နေတဲ့အတွက် နတ်ရေကန်ကိုတက်တဲ့ လမ်းသစ်၊ လမ်းဟောင်း နှစ်ခုလုံးမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။
“တိုက်ပွဲက ဘယ်ဘက်က အသာစီး ရနေလဲဆို အခုအခြေအနေက နှစ်ဖက်လုံး ဘယ်ဘက်မှ အသာစီးရတယ် မရှိဘူးလို့ဘဲ ပြောရမယ်။ နတ်ရေကန်ရှေ့က ကာကင်းတွေကို သူတပြန်ကိုယ်တပြန် တလှည့်စီပြန်သိမ်း၊ ပြန်ပေးလိုက်နဲ့ ဒီလိုပဲဖြစ်နေတာ။ အဓိက လေကြောင်းပေါ့။ လေကြောင်းကနေ ဖိတိုက်လာရင် ဒီဘက်က နောက်ပြန်ဆုတ်၊ ပြန်ထိုးစစ်ဆင်နဲ့ ဒီလိုပဲ သွားနေတာ။ ခုနောက်ပိုင်းတော့ အစိုးရတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ပိုစိပ်လာတာ တွေ့ရတယ်။ ထိုးစစ်အရှိန် မြှင့်ထားပုံရတယ်” လို့ စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ကမ္ဘာလုံးဗျူဟာကုန်း (ခေါ်) နတ်ရေကန်ဗျူဟာကုန်းရဲ့ ပင်မစခန်းကို AA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ် ၁၀ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး အစိုးရတပ်ဘက်လည်း လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုတွေနဲ့ တန်ပြန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။