ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် (၁၀၅) မိုင် မိုင်းယုရွာမှာ TNLA အလံ ပြန်လွှင့်

ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် (၁၀၅) မိုင်မှာ ဒီမနက်ပိုင်းကစပြီး TNLA တပ်ဖွဲ့အလံ ပြန်လွှင့်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခုလလယ်ပိုင်းမှာ TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ တပ်စွဲထားတဲ့ TNLA တပ် ဖွဲ့ဝင် တွေကို ဖမ်းဆီးခဲ့သလို TNLA တပ်ဖွဲ့အလံလည်း ဖြုတ်ချခံခဲ့ရပါတယ်။

“ဒီမနက်ပဲ TNLA အလံ ပြန်ထောင်ပေးလိုက်တာတွေ့တယ်။ TNLA တပ်ဖွဲ့ တွေတော့ မတွေ့ဘူး။ AA တပ်ဖွဲ့တွေတော့ ပုံမှန်အတိုင်း ရှိနေတယ်” လို့ မူဆယ်မြို့ကလာတဲ့ ခရီးသွား တယောက်က ပြောပါတယ်။

ကွတ်ခိုင်တိုက်ပွဲ အပြီး လောက်ကိုင်မြို့မှာ MNDAA နဲ့ TNLA တပ်ဖွဲ့တွေ တွေ့ ဆုံခဲ့ပြီးနောက် နှစ်ဖက်တပ်ဖွဲ့တွေ အပစ်ရပ်ဖို့၊ စစ်သုံ့ပန်းတွေ ပြန်လွှတ်ဖို့၊ ကွတ်ခိုင်ကို MNDAA တပ်ကသာ အုပ်ချုပ်ဖို့နဲ့ မဟာမိတ်အဖြစ် ဆက်လက် ရပ်တည်ဖို့ သဘောတူခဲ့တယ်လို့ TNLA ဘက်က အခုလ ၂၀ ရက်နေ့မှာ မီဒီယာ တွေကို ထုတ်ပြောထားပါတယ်။

ဒီလို ထုတ်ပြောအပြီးမှာပဲ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ TNLA တပ်ဖွဲ့ အလံပြန်လွှင့်ထူ ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နမ့်ခမ်းဘက်ကို ထိုးစစ်ဆင်ထားတဲ့ MNDAA တပ်ဖွဲ့ဝင်တွေ လည်း ပြန်ဆုတ်ခွာနေပြီးလို့ ရှမ်းမြောက် အခြေစိုက် သတင်းမီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

မူဆယ်၊ လားရှိုးလမ်းပေါ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ငွေကောက်ခံတဲ့ ဂိတ်တွေလည်း မရှိတော့ဘဲ ခရီးသည်တွေ ပုံမှန် သွားလာနေကြပြီလို့ ဒေသခံ တွေထံကနေ သိရပါတယ်။

“အရင်လို ဂိတ်တွေ မများတော့ဘူးဗျ။ ကုန်ကားတွေလည်း သွားနေကြ တယ်။ ကုန်တွေ သယ်ဖို့တော့ အရင်လို ပုံမှန် မဟုတ်သေးဘူး” လို့ ကွတ် ခိုင်မြို့ခံ တယောက်က ပြောပါတယ်။

MNDAA ဘက်ကတော့ TNLA ဆုတ်ခွာပေးခဲ့ရတဲ့ ကွတ်ခိုင်မြို့နဲ့ ၁၀၅ မိုင် မိုင်း ယုကျေးရွာနဲ့ မုံးစီကျေးရွာတွေမှာ ဒေသခံတွေကို လိုက်လံတွေ့ဆုံပြီး တိုင်း ရင်းသား လူမျိုး မခွဲခြားဘဲ ငြိမ်းချမ်းစွာ အတူနေထိုင်ကြဖို့ လိုက်လံဟောပြော စည်းရုံးနေ တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

image