အိမ်ဖြူတော်ဝင်းအတွင်း ခရစ္စတိုဖာ ကိုလံဘတ်စ်၏ ရုပ်တုကို စိုက်ထူ
အိမ်ဖြူတော်ဝင်းရှိ ခမ်းနားထည်ဝါသော ဖက်ဒရယ်ရုံးအဆောက်အအုံအပြင်ဘက်တွင် ခရစ္စတိုဖာ ကိုလံဘတ်စ်၏ ရုပ်တုကို စိုက်ထူလိုက်ရာ ထိုဆောင်ရွက်ချက်သည် မြို့တော်တလျှောက်ရှိ ယဉ်ကျေးမှုနှင့် သမိုင်းဝင်ကိုယ်စားပြုမှုများကို ပြန်လည်ပုံဖော်ရန် ထရမ့်ပ်အစိုးရ၏ ကြိုးပမ်းမှုများ၏ နောက်ဆုံးလက္ခဏာတစ်ခုဖြစ်သည်။
၂၀၂၀ ပြည့်နှစ်က လူမျိုးရေးတရားမျှတမှုဆန္ဒပြပွဲများအတွင်း ဘာလ်တီမိုးတွင် ဖြိုချခံခဲ့ရသော ရုပ်တု၏ ပုံတူဖြစ်သော ရုပ်တုကို အိုက်ဆင်ဟောင်ဝါ ရုံးအဆောက်အအုံအပြင်ဘက်တွင် သီတင်းပတ်ကုန်ပိုင်းက စိုက်ထူခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲများအပြီးတွင် ဖယ်ရှားခံခဲ့ရသော ရုပ်တုများကို ပြန်လည်တပ်ဆင်ရန် ထရမ့်ပ်အစိုးရ၏ ကြိုးပမ်းမှုများတွင် အဆိုပါရုပ်တုပေါ်ပေါက်လာခြင်းဖြစ်သည်။
မူလရုပ်တုကို အမေရိကန်ဆန့်ကျင်ရေး အဓိကရုဏ်းသမားများက ဖြိုဖျ-က်ခဲ့ပြီးနောက် ရုပ်တုကို ဝါရှင်တန်သို့ ယူဆောင်လာသည့် မယုံနိုင်ဖွယ်ရာ ရက်ရောမှုအတွက် အဖွဲ့ကို ချီးကျူးဂုဏ်ပြုကြောင်း အီတလီအမေရိကန်အဖွဲ့အစည်းများ၏ ဥက္ကဌများညီလာခံက ထုတ်ဝေသော စာတစ်စောင်တွင် ထရမ့်ပ်က ပြောကြားခဲ့သည်။
“ဒီအိမ်ဖြူတော်မှာ ခရစ္စတိုဖာ ကိုလံဘတ်စ်က သူရဲကောင်းတစ်ဦးပါ။ သူ့ကို နောင်လာမယ့် မျိုးဆက်တွေရဲ့ ဂုဏ်ပြုခံရဖို့ သမ္မတထရမ့်ပ်က လုပ်ဆောင်မှာပါ” ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် အင်ဂယ်လ်က နူးယော့ခ်တိုင်းမ်စ်ကို ပြောကြားခဲ့သည်။
Ref: စီအင်န်အင်န်