ခါရာဘောင်ဖလားဗိုလ်လုပွဲကြည့်ရန် လာရောက်တဲ့ မန်စီးတီးအသင်းပရိသတ်များလိုက်ပါလာတဲ့ ဘတ်စ်ကား မီးလောင်မှုဖြစ်ပွားခဲ့
===================
ခါရာဘောင်ဖလားဗိုလ်လုပွဲကြည့်ရန် လန်ဒန်သို့ ထွက်ခွာလာတဲ့ မန်စီးတီးပရိသတ်များ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးဟာ ဗြိတိန်အဝေးပြေးလမ်းမပေါ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်နေတဲ့ ဘတ်စ်ကားဟာ West Midlands ရှိ M6 အဝေးပြေးကွင်းလမ်းတွင် မီးလောင်မှု ဖြစ်ခဲ့တာပါ။

M6 လမ်းမအနီးတွင် မီးလောင်မှုကြောင့် ရပ်ဆိုင်းထားတဲ့ ဘတ်စ်ကားကို မီးသတ်သမားများက ဝိုင်းဝန်းမီးငြိမ်းကာ ထိန်းချုပ်ထားနိုင်တဲ့ ဓာတ်ပုံများ အွန်လိုင်းတွင် ထွက်ပေါ်နေပါတယ်။

မန်စီးတီးပရိသတ်များဟာ တနင်္ဂနွေနေ့ညတွင် အာဆင်နယ်နှင့် ကစားရမယ့် ခါရာဘောင်ဖလားဗိုလ်လုပွဲအား ကြည့်ရှုအားပေးရန် လန်ဒန်သို့ သွားရောက်စဉ် ကားမီးလောင်မှုကြုံခဲ့ရတာပါ။

ယင်းသို့ မီးလောင်မှုကြုံခဲ့ရပေမယ့် မည်သည့် မန်စီးတီးပရိသတ်မှ ဒဏ်ရာတစုံတရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

ယခု မီးလောင်မှုကြုံခဲ့ရတဲ့ ပရိသတ်များဟာ ကလပ်က စီစဉ်တဲ့ ဘတ်စ်ကားဖြင့် လိုက်ပါခွင့် မရပြီးနောက် ကိုယ့်အစီအစဉ်ဖြင့် သွားရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ယင်းကားမီးလောင်မှုကြောင့် M6 လမ်းတွင် ယာဉ်သွားယာဉ်လာ ရပ်ဆိုင်းမှု ပြုလုပ်ခဲ့ရပေမယ့် မီးငြိမ်းနိုင်ခဲ့ပြီးနောက် ပုံမှန်အတိုင်း သွားလာနေကြပြီဖြစ်ပါတယ်။

image