ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ ကျုံပျော်မြို့အဝင်၌ Landscape တည်ဆောက်နေ

ကျုံပျော်မြို့ခံ ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုနှင့်ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျုံပျော်မြို့အဝင်မြေယာရှုခင်းအလှ (Landscape) တည်ဆောက်ခြင်းကို စတင်အကောင်အထည်ဖော်နေကြောင်း သိရသည်။

"ခရိုင်မြို့အင်္ဂါရပ်နဲ့အညီပေါ့ ။ ကျွန်တော်ကနေ ဆော်သြပေးမှုနဲ့ မြို့ခံအလှူရှင်တွေက ဝိုင်းဝန်းလှူဒါန်းကြတယ်။ ဌာနဆိုင်ရာကို တင်ပြတော့ သူတို့ဘက်ကလည်း နိုင်သလောက်ပူးပေါင်းလှူဒါန်းကြတယ်။ ဌာနနဲ့ပတ်သက်တဲ့ အကူအညီတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ထားပါတယ်"ဟု ကျုံပျော်မြို့ခံ မြို့မိမြို့ဖ ဦးဆောင်သူ ဦးသိန်းမြင့်ဆောင်က ပြောသည်။

အခုလက်ရှိ ပုံဖော်လုပ်ဆောင်မှုတွင် အစိုးရ ဘက်ဂျက်လုံးဝမပါဝင်ဘဲ မြို့ခံအလှူရှင်များ စုပေါင်းလှူဒါန်းလုပ်ဆောင်ကြကြခြင်းပြီး ဌာနအနေဖြင့် ပါဝင်ပံပိုးပေးနိုင်မည့် မြက်ခင်းအလှစိုက်ပျိုးခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ သီးခြား လှူဒါန်းမှုများလည်းရှိကြောင်း ကျုံပျော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အင်ဂျင်နီယာမှူး ဦးအောင်သန်းဝင်းကလည်း ပြောသည်။

ကျုံပျော်မြို့နယ်ကို ခရိုင်မြို့နယ်အဖြစ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် စတင်သတ်မှတ်ပေးခဲ့ပြီး ကျုံပျော်ခရိုင်အတွင်း ရေကြည်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်တို့ကို ထည့်သွင်း သတ်မှတ်ခဲ့ကြောင်း သိရသည်။

image