ရန်သူနှင့်ဆက်နွယ်သောသင်္ဘောများမှအပကျန်အားလုံးအတွက် ဟော်မုဇ်ရေလက်ကြားကို ဖွင့်ထားသည်--အီရန်
အီရန်၏ ရန်သူများနှင့် ဆက်စပ်သောနေသော သင်္ဘောများမှလွဲ၍ ကျန်သင်္ဘောအားလုံးအတွက် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ဖွင့်ထားကြောင်း ကုလသမဂ္ဂရေကြောင်းအေဂျင်စီဆိုင်ရာ အီရန်ကိုယ်စားလှယ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ ရေလက်ကြားကို ၄၈ နာရီအတွင်း အပြည့်အဝမဖွင့်ပေးပါက အီရန်ဓာတ်အားပေးစက်ရုံများကို ပ-စ်မှတ်ထားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့ပြီးနောက်တွင် ယခုပြောစကားထွက်လာခြင်းဖြစ်သည်။
အမေရိက-အစ္စရေးနှင့် အီရန်စစ်ပွဲအတွင်း အီရန်၏ တိုက်ခိုက်မှုများရန်ကြောင့် ကမ္ဘာတစ်ဝန်း ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်ထောက်ပံ့ဖြည့်တင်းမှု၏ ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ကျဉ်းမြောင်းသောရေလက်ကြားကို သင်္ဘောအများစု ဖြတ်သန်းခွင့်မရတော့သဖြင့် ကမ္ဘာ့စွမ်းအင်ဖူလုံရေးအတွက် အန္တရာယ်ရှိနေသည်။
ပင်လယ်ကွေ့ရှိ ရေကြောင်းဘေးကင်းလုံခြုံရေးတိုးတက်စေရန်နှင့် သင်္ဘောသားများကို ကာကွယ်ရန် နိုင်ငံတကာရေကြောင်းအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်ရန် တေရန်က အသင့်ရှိနေကြောင်း အလီမူဆာဗီက ပြောဆိုခဲ့ပြီး အီရန်၏ ရန်သူများနှင့် မသက်ဆိုင်သော သင်္ဘောများသည် လုံခြုံရေး၊ ဘေးကင်းရေးအစီအစဉ်များကို တေရန်နှင့်ညှိနှိုင်း၍ ရေလက်ကြားကို ဖြတ်သန်းနိုင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
"သံတမန်ရေးက အီရန်ရဲ့ ဦးစားပေးအဖြစ်ရှိနေဆဲပါ။ ဒါပေမဲ့ ရန်လိုမှုကို လုံးဝရပ်တန့်တာအပြင် အပြန်အလှန်ယုံကြည်မှုနဲ့ ယုံကြည်စိတ်ချရမှုက ပိုအရေးကြီးပါတယ်" ဟု မူဆာဗီက ပြောကြားခဲ့ပြီး အစ္စရေးနှင့် အမေရိကတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများသည် ဟော်မုဇ်ရေလက်ကြားတွင် လက်ရှိဖြစ်ပေါ်နေသောအခြေအနေ၏ အရင်းအမြစ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref: တီဘီအက်စ်နူးစ်