အာဖရိကဖလားချန်ပီယံအဖြစ်မှ ဆီနီဂေါအား ဖယ်ရှားကာ မော်ရိုကိုအား အာဖရိကဘောလုံးအဖွဲ့ချုပ် ရွေးချယ်လာ
====================
အာဖရိကဘောလုံးအဖွဲ့ချုပ်ဟာ အာဖရိကဖလားဗိုလ်လုပွဲတွင် ဆီနီဂေါရဲ့ အငြင်းပွားဖွယ် ကွင်းအတွင်းမှ ထွက်ခွာသွားမှု ဖြစ်ပြီးနောက် မော်ရိုကိုအား အာဖရိကဖလားချန်ပီယံအဖြစ် ရွေးချယ်လာပါတယ်။
ဆီနီဂေါဟာ ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက အာဖရိကဖလားဗိုလ်လုပွဲတွင် ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ ဆီနီဂေါကစားသမားများဟာ ဂိုးမရှိသရေကျတဲ့ အချိန်ပိုတွင် မော်ရိုကိုဘက်သို့ ပင်နယ်တီပေးမှုအား ကန့်ကွက်တဲ့အနေဖြင့် ပွဲဆက်မကစားဘဲ ကွင်းအတွင်းမှ ထွက်ခွာခဲ့ပါတယ်။
အထက်ပါ ဖြစ်ရပ်ကြောင့် ပွဲကို ၁၇ မိနစ်ဝန်းကျင် ရပ်ဆိုင်းခဲ့ရပြီး ကစားသမားများ ကွင်းအတွင်း ပြန်ဝင်လာကာ ပွဲကို ဆက်ကစားခဲ့ပါတယ်။ ဘရာဟမ်ဒိုင်ယက်ဇ်က ပင်နယ်တီကန်ချိန်မှာ ကာကွယ်ခြင်းခံခဲ့ရပြီး ဆီနီဂေါဟာ ပါပီဂူယီရဲ့ အချိန်ပိုအနိုင်ဂိုးဖြင့် ၁-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဒါပေမယ့် မော်ရိုကိုဘက်က ပွဲပြီးရလဒ်ကို မကျေမနပ်ဖြစ်ကာ အယူခံဝင်ခဲ့ပါတယ်။ ယခုအခါ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ အယူခံဘုတ်အဖွဲ့က ဗိုလ်လုပွဲအဖြစ် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် မော်ရိုကိုအား ၃-၀ ဂိုးဖြင့် အနိုင်ပေးလိုက်ပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်က ဆီနီဂေါအသင်းမှာ ဥပဒေအပိုဒ် ၈၂ အား ချိုးဖောက်ကြောင်း တွေ့ရှိရပြီးနောက် ဥပဒေ အပုဒ် ၈၄ အကျုံးဝင်လာခြင်းဖြစ်ကြောင်း ကြေညာသွားပါတယ်။
ဥပဒေအပုဒ် ၈၂ အရ အသင်းတစ်သင်းက ဒိုင်လူကြီးရဲ့ အခွင့်အာဏာကြောင့် မဟုတ်ဘဲ ပွဲကစားရန် ငြင်းဆိုခြင်း (သို့မဟုတ်) ကွင်းအတွင်းမှ ထွက်ခွာခြင်း ပြုလုပ်ပါက အရှုံးသမား (သို့မဟုတ်) ပြိုင်ပွဲမှ ထုတ်ပယ်ခံရတဲ့အသင်းအဖြစ် သတ်မှတ်ခံရပါမယ်။
ဥပဒေအပုဒ်က ၈၄ အရ အပုဒ် ၈၂ အား မည်သည့်အသင်း ကျူးလွန်လာပါစေ အပြီးတိုင် ထုတ်ပယ်ပြီး ၃-၀ ဖြင့် အရှုံးပေးလာတာပါ။
မော်ရိုကိုဘောလုံးအဖွဲ့ချုပ်က ပွဲပြီး ရလဒ်အား အယူခံဝင်ရန် ဆုံးဖြတ်ရခြင်းမှာ အသင်းများရဲ့ အားကစားစွမ်းဆောင်ရည်ကို စိန်ခေါ်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ ပြိုင်ပွဲရဲ့ စည်းမျဉ်းကို အသုံးချရန် တောင်းဆိုမှု ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း ဆိုထားပါတယ်။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ကမူ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် တစုံတရာ တုံ့ပြန်ခြင်း မပြုလုပ်ဘဲ X အကောင့်တွင် ကစားသမားများရဲ့ ဆုဖလားအောင်ပွဲခံမှုကို ပို့စ်တင်သွားပါတယ်။