အီရန်ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်များကို အမေရိကန်မှ မက္ကဆီကိုသို့ ပြောင်းကစားရေး တောင်းဆိုလာမှုကို ဖီဖာငြင်းဆိုလာမည်
=====================
ဖီဖာဟာ ယခုနွေရာသီ အီရန်ရဲ့ အမေရိကန်တွင် ကစားရမယ့် ကမ္ဘာ့ဖလားပွဲစဉ်များကို မက္ကဆီကိုတွင် ပြောင်းကစားခွင့်ပေးရေး တောင်းဆိုလာမှုအား ပယ်ချလာမှာ ဖြစ်ကြောင်း သိရပါတယ်။

အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌက ကစားသမားများရဲ့ လုံခြုံရေး အာမခံချက် မရှိမှုကြောင့် အမေရိကန်တွင် ကစားရမယ့် ၎င်းတို့ရဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲများကို မက္ကဆီကိုတွင် ပြောင်းကစားရေး ဖီဖာနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း ဆိုသွားပါတယ်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်နေပြီး အီရန်ကလည်း အစ္စရေးနှင့် အမေရိကန်တို့ရဲ့ အရှေ့အလယ်ပိုင်း မဟာမိတ်နိုင်ငံများကို ပြန်လည်တိုက်ခိုက်တုံ့ပြန်နေပါတယ်။

အမေရိကန်ဟာ ကနေဒါ၊ မက္ကဆီကိုတို့နှင့်အတူ ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအား ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာပါမယ်။

အီရန်ဟာ ဇွန်လ ၁၆ ရက်နေ့ နယူးဇီလန်ပွဲနှင့် ဇွန်လ ၂၁ ရက်နေ့ ဘယ်လ်ဂျီယံတို့နှင့်ပွဲများကို အယ်လ်အေတွင် ကစားရမှာ ဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့ အီဂျစ်နှင့်ပွဲကို ဆက်တယ်တွင် ကစားရပါမယ်။

ပြီးခဲ့တဲ့အပတ်တုန်းက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကို ကမ္ဘာ့ဖလားမှ ကြိုဆိုကြောင်း၊သို့ရာတွင် ကိုယ့်အသက်နှင့် လုံခြုံရေးအတွက် လာရောက်ရန် မသင့်တော်ကြောင်း ဆိုထားပါတယ်။

အီရန်ဟာ ကမ္ဘာ့ဖလား ၄ ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန်ဘက်က နျူကလီးယားစက်ရုံကို တိုက်ခိုက်စဉ်တုန်းကလည်း ကမ္ဘာ့ဖလားမှ မထွက်ခွာရန် ဆုံးဖြတ်ခဲ့တာပါ။

တဖက်တွင် ဖီဖာဟာ အီရန်ရဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲများကို အမေရိကန်မှ မက္ကဆီကိုသို့ ပြောင်းလဲ ကျင်းပရမည်ဆိုပါက ရုပ်သံထုတ်လွှင့်ရေး၊ အသင်းအခြေစိုက်စခန်း၊ လက်မှတ်စတဲ့အရာများကိုပါ ပြောင်းလဲရပါမယ်။ ဒါ့အပြင် အီရန်အနေဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်လာပါကလည်း အမေရိကန်တွင် ကစားရနိုင်ပါသေးတယ်။

အီရန်ရဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးအာမက်ဒွန်ယာမာလီကမူ လတ်တလော ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခများကြောင့် အီရန်အသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဆိုထားပါတယ်။

image