နွေရာသီတွင် စတား ၆ ဦးကို ထွက်ခွာစေပြီး ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်လာမယ့် ရီးရဲလ်မက်ဒရစ်
====================
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ရောက် ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေရာသီတွင် ပထမမအသင်းမှ ကစားသမား ၆ ဦးအထိ ထွက်ခွာစေပြီး အသင်းကို ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်လာပါမယ်။

စပိန်ထိပ်သီးကလပ်ဟာ ဇန်နဝါရီလတွင် ဇာဘီးအလွန်ဆိုအား ထုတ်ပယ်လိုက်ပြီးနောက် ခက်ခဲတဲ့ ရာသီတစ်ခု ကြုံနေရပါတယ်။

ချန်ပီယံလိဂ်တွင် မန်စီးတီးအား နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်ထားနိုင်ပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါမှာတော့ ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ၄ မှတ်ကွာနေသလို ကိုပါဒယ်ရေးမှလည်း ထွက်ခွာထားရပါတယ်။

ယနေ့တွင် Bild ရဲ့ ဖော်ပြလာမှုအရ ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ နွေရာသီမှာတော့ အောင်မြင်ရေးလမ်းကြောင်းပေါ်သို့ ပြန်လည်တက်လှမ်းရေးအတွက် အသင်းကို ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အသင်းရှိ ကစားသမား ၆ ဦးအထိ ထွက်ခွာလာစေမှာ ဖြစ်ပြီး ဩစတြီးယားနောက်ခံလူဒေးဗစ်အလာဘာက ထိပ်ဆုံးမှ ပါဝင်နေပါတယ်။

အသက် ၃၃ နှစ်ရှိ ဘိုင်ယန်မြူးနစ်နောက်ခံလူဟောင်းဟာ ဒဏ်ရာပြဿနာများနှင့် ကြုံလာရသူ ဖြစ်ပြီး နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အလာဘာအား ထွက်ခွာခွင့်ပေးရန် ဆုံးဖြတ်ထားပြီးပြီလို့ ယုံကြည်ရပါတယ်။

ဒါ့အပြင် အလာဘာကဲ့သို့ပင် နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် အန်တိုနီယိုရူဒီဂါမှာလည်း ထွက်ခွာလာနိုင်ပါတယ်။

ရူဒီဂါရဲ့ အေးဂျင့်နှင့် ကလပ်တို့မှာ မကြာမီ စာချုပ်ကိစ္စဆွေးနွေးလာမှာ ဖြစ်လို့ အပြောင်းအလဲ ဖြစ်လာနိုင်ပါသေးတယ်။

ဒါ့အပြင် နောက်ထပ် ထွက်ခွာလာနိုင်သူက နွေရာသီတွင်ပင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဒါနီကာဗာဂျယ် ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့်အတူ ဆုဖလား ၂၆ ကြိမ် ဆွတ်ခူးထားတဲ့ ကာဗာဂျယ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များတွင် အရန်အဖြစ် ကစားနေသူ ဖြစ်ပါတယ်။

နောက်ထပ်ထွက်ခွာလာနိုင်တဲ့သူက ကွင်းလယ်ကစားသမားအက်ဝတ်ဒိုကာမာဗန်ဂါ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့် ပြင်သစ်တို့ရဲ့ အနာဂတ်ဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခြင်းခံခဲ့ရဖူးတဲ့ အသက် ၂၃ နှစ်ရှိ ကာမာဗန်ဂါကို ဥရောပတလွှားကလပ်များက စိတ်ဝင်စားနေပါတယ်။

Marca က ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၁ ခုနှစ်တုန်းက ရန်းနက်စ်မှ ပေါင် ၃၄.၃ သန်းဖြင့် ခေါ်ယူထားခဲ့တဲ့ ကာမာဗန်ဂါကို ယူရိုသန်း ၅၀ ဝန်းကျင်(ပေါင် ၄၃.၃ သန်း) ရရှိလာပါက ရောင်းချလာမယ်လို့ ဖော်ပြသွားပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ အယ်ဗာရိုကာရီရက်စ်ရဲ့ အရန်အဖြစ်သာ ကစားနေရတဲ့ ဘယ်နောက်ခံလူများဖြစ်ကြတဲ့ ဖာလန်းမန်ဒီနှင့် ဖရန်ဂါစီယာတို့ကိုလည်း ထွက်ခွာခွင့်ပေးလာဖို့ ရှိပါတယ်။

image