အာဖရိကဖလားပြန်လည်ပေးအပ်ရန် ဆီနီဂေါအသင်း ငြင်းဆိုလာ
=================
ဆီနီဂေါဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်က အာဖရိကဖလားချန်ပီယံဘွဲ့အား ရုတ်သိမ်းခြင်းခံခဲ့ရပေမယ့်လည်း ဆုဖလားအား ပြန်လည်ပေးအပ်ရန် ငြင်းဆိုလာပါတယ်။

အာဖရိကဘောလုံးအဖွဲ့ချုပ်မှ အယူခံကော်မတီဟာ ဆီနီဂေါအား အာဖရိကဖလားချန်ပီယံအဖြစ်မှ ရုတ်သိမ်းကာ မော်ရိုကိုအား ချန်ပီယံဘွဲ့ ပေးအပ်လာခဲ့ပါတယ်။

အာဖရိကဖလားဗိုလ်လုပွဲတွင် ဆီနီဂေါအသင်းဟာ အချိန်ပို ပင်နယ်တီပေးခြင်းခံရပြီးနောက် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်ကာ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ကြပါတယ်။

ယင်းအဖြစ်အပျက်ကြောင့် ပွဲကို ၁၇ မိနစ်ခန့် ရပ်ဆိုင်းခဲ့ရပါတယ်။ ယင်းနောက်တွင် ဆာဒေယိုမာနေးက အဝတ်အစားလဲခန်းသို့ လိုက်ပါကာ ကစားသမားများအား ကွင်းအတွင်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။

ယင်းနောက် ပွဲကစားခဲ့ရာ ဘရာဟမ်ဒီယာ့ဇ်က ပင်နယ်တီကန်ရာတွင် ကာကွယ်ခြင်းခံခဲ့ရပြီး ဆီနီဂေါက အချိန်ပိုနောက်ကျဂိုးဖြင့် ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ အာဖရိကဖလားချန်ပီယံဖြစ်သွားပါတယ်။

ပွဲအပြီးတွင် အိမ်ရှင်မော်ရိုကိုဟာ ဆီနီဂေါအသင်းမှာ ပွဲကစားရန် ငြင်းဆိုခဲ့မှုနှင့်ပတ်သက်ပြီး အာဖရိကဘောလုံးအဖွဲ့ချုပ်ထံသို့ အယူခံဝင်ခဲ့ပါတယ်။

အာဖရိကဘောလုံးအဖွဲ့ချုပ်က ဘောလုံးစည်းမျဉ်းအရ ဆီနီဂေါမှာ ပွဲဆက်ကစားရန် ငြင်းဆိုခဲ့မှုနှင့်အတူ မော်ရိုကိုအား ၃-၀ ဂိုးဖြင့် အနိုင်ပေးခဲ့ပါတယ်။

ဒါပေမယ့် ဆီနီဂေါက အာဖရိကဖလားအား ပြန်ပေးရန် ငြင်းဆိုနေပြီး ယင်းဆုံးဖြတ်ချက်မှာ တရားမျှတမှု မရှိသေး၊ မကြုံစဖူးသော၊ လက်ခံနိုင်စရာမရှိသော ဆုံးဖြတ်ချက်လို့ ဝေဖန်လာပါတယ်။

ဒါ့အပြင် ဆီနီဂေါဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးအက်ဒူလာယီဆောက အာဖရိကဘောလုံးအဖွဲ့ချုပ်မှာ အာဂတိလိုက်စားနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဆုဖလားကို လုံးဝပြန်အပ်မည်မဟုတ်ကြောင်း ဆိုသွားပါတယ်။

လီဗာပူးနှင့် ဘိုင်ယန်မြူးနစ်စတားဟောင်းဆာဒေယိုမာနေးကလည်း "ဖြစ်ပျက်သွားတာကတော့ အရမ်းကို လွန်လွန်းသွားပြီ။ ဒါက ကျွန်‌တော်တို့ တိုက်ပွဲဝင်နေတဲ့ ဘောလုံးမဟုတ်သလို ကျွန်တော်တို့ ယုံကြည်တဲ့ အာဖရိကမဟုတ်ဘူး။ ကျုပ်တို့ အားကစားမှာ အလွန်အာဂတိများတယ်။ တိုက်ကြီးတစ်ခုလုံးက လူသန်းပေါင်းများစွာရဲ့ ဘောလုံးအပေါ် ချစ်မြတ်နိုးမှုကို သတ်လိုက်တာပဲ။ ကစားသမားတွေက ကွင်းထဲမှာ အားလုံးပေးဆပ်ခဲ့ကြတယ်။ ဒါပေမယ့် ကွင်းပြင်ပက ဆုံးဖြတ်ချက်က ပွဲနဲ့ ဆုဖလားအဖြေကို ဆုံးဖြတ်တာလား"လို့ ပြောကြားသွားပါတယ်။

ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ အယူခံဝင်မှု ပြုလုပ်သွားပါမယ်။

image