ရောမတွင် နေအိမ် စီးနင်း ဓားပြတိုက်ခြင်းခံခဲ့ရကာ မိသားစုနှင့် အတူ ပိတ်လှောင်ခြင်းခံခဲ့ရတဲ့ ရိုးမားစတားနေးလ်အယ်လ်အိုနာအိုဝီ
=====================
ရိုးမားစတားနေးလ်အယ်လ်အိုင်နာအိုဝီဟာ အင်္ဂါနေ့ညတုန်းက ရောမရှိ နေအိမ်တွင် ဓားပြများရဲ့ စီးနင်းဓားပြတိုက်ခြင်းခံခဲ့ရကာ မိသားစုဝင်များနှင့်အတူ အခန်းထဲတွင် ပိတ်လှောင်ထားခြင်းခံခဲ့ရပါတယ်။

အင်္ဂါနေ့နံနက် ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးစွပ်ထားပြီး လက်နက်ကိုင်ဆောင်ထားတဲ့ ဓားပြ ၆ ဦးတို့ဟာ ရောမအနောက်တောင်ပိုင်းရှိ ရိုးမားကစားသမားအများစု အခြေစိုက်ရာ ဧရိယာရှိ အယ်လ်အိုင်နာအိုဝီရဲ့ နေအိမ်ကို စီးနင်းဓားပြတိုက်ခဲ့ကြောင်း ANSA ရဲ့ ဖော်ပြမှုအရ သိရပါတယ်။

အနက်ရောင်ဝတ်ဆင်ထားတဲ့အပြင် မျက်နှာဖုံးစွပ်ကာ လက်နက်များ ကိုင်ဆောင်ထားကြတဲ့ လူ ၆ ဦးတို့ဟာ ဧည့်ခံပြတင်းပေါက်မှ သံဇကာများကို ဖြုတ်ပြီး နေအိမ်အတွင်း ဝင်ရောက်လာခဲ့ကြတာပါ။

အယ်လ်အိုင်နာအိုဝီမှာ ဦးစွာ နိုးလာပြီးနောက် ချစ်သူ၊ မိခင်၊ အစ်ကိုနှင့် ချစ်သူတို့အား အော်ဟစ်နှိုးခဲ့ပါတယ်။

သေနတ်များလည်း ကိုင်ဆောင်ထားတဲ့ ဓားပြများဟာ ၎င်းတို့ ၄ ဦးအား ခြိမ်းခြောက်မှု ပြုလုပ်ကာ အခန်းတစ်ခန်းထဲတွင် ပိတ်လှောင်ထားပြီးနောက် ယူရို ၁၀၀၀၀ ဝန်းကျင်တန်ဖိုးရှိ လက်ဝတ်ရတနာများ၊ Rolex နာရီတစ်လုံးနှင့် တန်ဖိုးကြီး ဒီဇိုင်နာအိတ်များကို ရယူသွားခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာသို့ ရောက်လာပြီးနောက် ဓားပြများအား အပူတပြင်း ရှာဖွေမှုများ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်များဟာ ယင်းဧရိယာအတွင်း စီစီတီဗွီမှတ်တမ်းများကိုလည်း ရယူထားကြပြီး ဖြစ်ပါတယ်။

နွေရာသီတုန်းက လန်းစ်မှ ပြောင်းလာတဲ့ မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ အထက်ပါအဖြစ်အပျက်ကြောင့် တုန်လှုပ်ခြောက်ခြားလျက်ရှိပြီး ယနေ့ ရိုးမားရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ရိုးမားဟာ လာမယ့် ကြာသပတေးနေ့တွင် ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့အဖြစ် ဘိုလော့ဂ်နာနှင့် ရင်ဆိုင်ကစားရပါမယ်။ ရိုးမားဟာ ပထမအကျော့တုန်းက ၁ ဂိုးစီသရေကျထားပါတယ်။

image