ယူရိုချန်ပီယံ စပိန်နှင့် ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားတို့ ကစားမယ့် Finalissima ပွဲကို ဖျက်သိမ်းလာ
======================
ယူရိုချန်ပီယံ စပိန်နှင့် ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားတို့ ရင်ဆိုင်ကစားမယ့် Finalissima ပွဲစဉ်မှာ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခဖြစ်ပွားနေမှုနှင့်အတူ ပွဲကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ယူရိုချန်ပီယံ စပိန်နှင့် ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားတို့ဟာ မတ်လ ၂၆ ရက်နေ့တွင် ကာတာတွင် Finalissima ပွဲ ကစားရန် စီစဉ်ထားခဲ့တာပါ။

ယူအီးအက်ဖ်အေက အရှေ့အလယ်ပိုင်းတွင် စစ်မီးတောက်လောင်နေမှုနှင့်အတူ Finalissima ပွဲအား ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးတွင် ကစားရန် (သို့မဟုတ်) နှစ်ကျော့အဖြစ် မက်ဒရစ်နှင့် ဘရူနိုအေရိပ်စ်တွင် ကစားရန် အဆိုပြုခဲ့ပေမယ့် နှစ်ခုလုံးကို အာဂျင်တီးနားက ပယ်ချခဲ့ပါတယ်။

ဒါ့အပြင် ယူအီးအက်ဖ်အေဟာ ယင်းပွဲအား ရွှေ့ဆိုင်းပြီး မတ်လ ၂၇ ရက်နေ့တွင် အီတလီရှိ ကြားကွင်းတစ်ကွင်းတွင် ကစားရန် အဆိုပြုခဲ့သေးပေမယ့် အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့ပါတယ်။ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က မတ်လ ၃၁ ရက်နေ့သို့ ရွှေ့ဆိုင်း မကစားပါက မကစားရန် ဆုံးဖြတ်ခဲ့တာပါ။

အာဂျင်တီးနားဘက်က ပွဲကြပ်များကြောင့် ရက်မပေးနိုင်သလို စပိန်ဘက်ကလည်း လစ်လပ်ရက် မရှိဖြစ်နေမှုနှင့်အတူ ယခုအခါ ပွဲကို ဖျက်သိမ်းလိုက်ပြီလည်း ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပျက်နေတဲ့ စစ်မီးပဋိပက္ခကြောင့် ဧပြီလတွင် ဘာရိန်းနှင့် ဆော်ဒီတို့တွင် ကျင်းပမယ့် ဖော်မြူလာဝမ်းဂရင်းပရီကိုလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

Finalissima ပွဲကို လေးနှစ်တစ်ကြိမ် ကစားတာ ဖြစ်ပြီး ယူရိုချန်ပီယံနှင့် ကိုပါအမေရိကချန်ပီယံတို့ ဖြစ်လာခဲ့ကြတာပါ။ Finalissima ကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်တုန်းက ဝင်ဘာလေကွင်းတွင် ကစားတုန်းက အာဂျင်တီးနားက အနိုင်ရရှိခဲ့ပါတယ်။

ယခုနှစ်တွင် ကစားမယ့် Finalissima ပွဲမှာ လာမိန်းယာမဲလ်နှင့် လီယွန်နယ်မက်ဆီတို့ ပထမဆုံးအကြိမ် ထိပ်တိုက်‌တွေ့ဆုံမယ့် ပွဲဖြစ်ပေမယ့် ပရိသတ်များ မြင်တွေ့လာကြရတော့မှာ မဟုတ်ပါဘူး။

image