ဂိုးသမားပြဿနာကြောင့် အတ္တလန္တာနှင့်ပွဲတွင် ပဥ္စမဦးစားပေးဂိုးသမားကို အသုံးပြုလာရဖို့ ရှိနေတဲ့ ဘိုင်ယန်မြူးနစ်
====================
ဘိုင်ယန်မြူးနစ်ဟာ ဂိုးသမားပြဿနာတက်နေမှုနှင့်အတူ အတ္တလန္တာနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ပဥ္စမဦးစားပေးဂိုးသမားအား ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုလာဖို့ ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ကစားရန် သုံးရက်သာ လိုတော့တဲ့ အချိန်တွင် ဂိုးသမား ဒဏ်ရာပြဿနာများကြုံနေတာလည်း ဖြစ်ပါတယ်။
ဘိုင်ယန်ရဲ့ ဦးစားပေးဂိုးသမားနူအာမှာ ပြီးခဲ့တဲ့အပတ်သောကြာနေ့တုန်းက မိုချင်ဂလက်ဘတ်နှင့်ပွဲတွင် ကြွက်သားဒဏ်ရာရရှိပြီးနောက် အတ္တလန္တာနှင့်ပွဲကို လွဲလာပါမယ်။
ယင်းနောက် ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီဟာ လူငယ်ဂိုးသမားဂျိုနက်စ်အာဘစ်ကို အင်္ဂါနေ့ညတုန်းက အတ္တလန္တာအား ၆-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုခဲ့ပေမယ့် ယင်းဂိုးသမားမှာလည်း ပွဲနှောင်းပိုင်းတွင် ခေါင်းဒဏ်ရာရရှိသွားခဲ့ပါတယ်။
ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် တတိယဦးစားပေးဂိုးသမားဆဗင်အူရစ်ချ်ကို အသုံးပြုခဲ့ရပါတယ်။
ဒါပေမယ့် ဆဗင်အူရစ်ချ်မှာလည်း ယင်းပွဲတွင် ကြွက်သားဒဏ်ရာရရှိလာမှုနှင့်အတူ ဘိုင်ယန်မြူးနစ်မှာ ဂိုးသမားပြဿနာတက်လာပါတယ်။
ဘိုင်ယန်မြူးနစ်အတွက် သတင်းကောင်းတစ်ခုကတော့ အာဘစ်မှာ ဒဏ်ရာအခြေအနေ သက်သာလာနေကာ ဗုဒ္ဓဟူးနေ့ည အတ္တလန္တာနှင့်ပွဲတွင် ကစားနိုင်မယ့် အခြေအနေမျိုးမှာ ရှိနေတာပါ။
တကယ်လို့များ အူရစ်ချ်နှင့် အာဘစ်တို့သာ မကစားနိုင်ပါက ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီဟာ စတုတ္ထနှင့် ပဥ္စမဦးစားပေးဂိုးသမားများဖြစ်ကြတဲ့ ဂျာနစ်ဘတ် (သို့မဟုတ်) လီယိုနတ်ပရီစကော့ကို အသုံးပြုလာရပါမယ်။
ဘိုင်ယန်မြူးနစ်အတွက် နောက်ထပ် သတင်းဆိုးတစ်ခုကတော့ တိုက်စစ်မှူးဝစ်ဒွမ်မိုက်ခ်မှာ တင်ပုဆုံဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်လို့ လေးလအထိ အနားယူရတော့မယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။
အသက် ၁၇ နှစ်ရှိ တိုက်စစ်မှူးဟာ တင်ပုဆုံဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်ပြီး သုံးလမှ လေးလအထိ အနားယူလာရမှာ ဖြစ်ကြောင်း Sky Sports က ဖော်ပြသွားပါတယ်။
မိုက်ဟာ ဗင်းဆင့်ကွန်ပနီလက်အောက်တွင် ယခုရာသီမှာ ၅ ပွဲကစားခွင့်ရထားပြီး ဘွန်ဒက်စ်လီဂါတွင် ၄ ပွဲအား အရန်အဖြစ် ဝင်ရောက်ကစားခွင့်ရထားကာ ၂၇ မိနစ်ကစားထားပါတယ်။
သူဟာ ဩဂုတ်လတုန်းက ဘိုင်ယန်မြူးနစ်နှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။