အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး မြန်မာပါဝင်တက်ရောက်

လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခသည် ဒေသတွင်းစွမ်းအင်လုံခြုံမှုအပေါ် စိန်ခေါ်မှုဖြစ်စေသည့် အတွက် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်‌ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့

ဖိလစ်ပိုင်နိုင်ငံ၊ တာဂွစ်မြို့၌ မတ် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (Thirty-Second ASEAN Economic Ministers’ Retreat - 32nd AEM Retreat) နှင့်ဆက်စပ်အစီအစဉ်များသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

(၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးပထမပိုင်းတွင် အာဆီယံစီးပွားရေးအကြံပေးကောင်စီ (ASEAN Business Advisory Council - ASEAN-BAC) က ၂၀၂၆ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့်စီမံကိန်းများနှင့် လုပ်ငန်းစဉ်များတင်ပြခြင်း၊ အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန (Economic Research Institute for ASEAN and East Asia – ERIA) က အာဆီယံ၏ စီးပွားရေးခံနိုင်ရည်ရှိမှုကို မြှင့်တင်ပေးမည့် စက်မှုဆိုင်ရာ မူဝါဒမူဘောင်ရေးဆွဲပေးမည့်ကိစ္စအား အဆိုပြုတင်ပြခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဆီယံနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank- AD တို့အကြား မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်ရန် အဆိုပြု အစီအစဉ်များအပေါ် စီးပွားရေးဝန်ကြီးများက ပုဂ္ဂလိကအခန်းကဏ္ဍ ခိုင်မာအားကောင်းစေရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ အကြံပြုချက်ဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များအား အစည်းအဝေးက မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးဒုတိယပိုင်း ဆက်လက်ကျင်းပရာ စီးပွားရေးဝန်ကြီးများက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသုံးသပ်ချက်များ၊ အာဆီယံအဆင့်မြင့်အစည်းအဝေးတို့မှ ထွက်ပေါ်လာသည့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အာဆီယံပထဝီစီးပွားရေး လုပ်ငန်းအဖွဲ့ (ASEAN Geoeconomic Task Force - AGTF) နှင့် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့် မြင့်လုပ်ငန်းအဖွဲ့ (High-Level Task Force on ASEAN Economic Integration - HLTF-EI) တို့မှတင်ပြသည့် အကြံပြုချက်များ၊ ရေရှည်တည်တံ့မှု (Sustainability) ဆိုင်ရာ ကနဦးလုပ်ငန်းစဉ်များနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိဖြစ်ပွား နေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခသည် ဒေသတွင်းစွမ်းအင်လုံခြုံမှုအပေါ် စိန်ခေါ်မှုဖြစ်စေသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်‌ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အပြင် စွမ်းအင်နှင့် သယ်ယူပို့ဆောင်မှုစရိတ် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ပြတ်တောက်မှု၊ စားရေရိက္ခာ လုံခြုံမှုအတွက်လည်း ဒေသတွင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီးပွားရေးအပေါ် ရို-က်ခတ်လျက်ရှိသည့် လက်ရှိ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အာဆီယံ၏ အချက်အချာကျမှုကို ဗဟိုပြု၍ မည်သည့်အဖွဲ့ဝင်နိုင်ငံမှ နောက်ကျကျန်ရစ်နေမှုမရှိစေဘဲ ဒေသတွင်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှုအားကောင်းစေရေးကို တွန်းအားပေးဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းဝေးတွင် စီးပွားရေးဝန်ကြီးများက ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံက ဆောင်ရွက်မည့် ဦးစားပေးစီးပွားရေး လုပ်ငန်းစဉ်များအနက် အာဆီယံစီးပွားရေးဝန်ကြီးများ ကြီးကြပ်မှုအောက်ရှိ သဘောတရားစာတမ်း (Concept Paper) များကို အတည်ပြုခဲ့ကြောင်းလည်း သိရသည်။

image