ဧရာဝတီတိုင်း ကုန်သည်/စက်မှုအသင်းက ကြိမ်၊ ဝါး၊ ဗေဒါ အသင်းကို Pilot Project ဖြင့် ရင်းနှီးမတည်ငွေ ထောက်ပံ့သွားမည်

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းအနေဖြင့် ညီနောင်အသင်းတစ်သင်းဖြစ်သည့် ရေကြည်မြို့နယ် အခြေစိုက် ကြိမ်၊ ဝါး၊ ဗေဒါ အသင်းကို Pilot Project ဖြင့် ရင်းနှီးမတည်ငွေ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒေသထွက်ကုန်လည်းဖြစ်တယ်။ နိုင်ငံခြားအထိ ထိုးဖောက်နိုင်တဲ့ အနေအထားလည်းရှိတယ်။ လက်ရှိလည်း ဒီလုပ်ငန်းကို မှီခိုနေတဲ့မိသားစုကလဲ (၃,၀၀၀) လောက်ရှိတယ်ဆိုတော့ ခုလိုကူညီပံပိုးပေဖို့ ARCCI အသင်းအစည်းအဝေးမှာ ပထမဆုံးအနေနဲ့ ဆုံးဖြတ်ခဲ့တာ"ဟု အသင်းဥက္ကဋ္ဌ ဦးညီညီထွန်းက ပြောသည်။

ARCCI အသင်းအနေဖြင့် ကာလတို၊ ကာလရှည် စီမံချက်များ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ကာလတိုအနေဖြင့် ကုန်ကြမ်းဝယ်ယူစုဆောင်းနိုင်ရေး ဦးစားပေးကူညီသွားမည်ဟု သိရသည်။

ကာလရှည်အနေနှင့် နိုင်ငံခြားဝယ်လက်တွေ ခေါ်ယူတွေ့ဆုံပေးဖို့နဲ့ လိုအပ်သည့် အရင်းအနှီးပမာဏကို အသင်းနဲ့ (MOU) ထိုးထားတဲ့ဘဏ်များနှင့် ချိတ်ဆက်ပေးနိုင်ရန်လည်း စီစဥ်ထားကြောင်း သိရသည်။

ကြိမ်၊ ဝါး၊ ဗေဒါအသင်းသည် ကြိမ်ဝါးအခြေခံ ဒေသထွက်ကုန်များ ထုတ်လုပ်နေသော အသင်းဖြစ်ပြီး ARCCI အသင်း၏ ညီနောင်အသင်းတစ်ခုလည်းဖြစ်သည်။

image