ပီအက်စ်ဂျီနှင့်ပွဲမတိုင်မီ ၈ နာရီအလိုခန့်ကတည်းက လူစာရင်းပေါက်ကြားခဲ့ပြီးနောက် စပိုင်အား ရေဆုံးမြေဆုံးရှာဖွေမယ်လို့ ရိုဆင်နီယာကြုံးဝါးလာ
=====================
လီယန်ရိုဆင်နီယာက ပီအက်စ်ဂျီနှင့်ပွဲမတိုင်မီ ၈ နာရီအလိုကတည်းက အသင်းရဲ့ ပွဲထွက်လူစာရင်း ပေါက်ကြားလာခဲ့ပြီးနောက် အသင်းအတွင်း ရှိနေတဲ့ စပိုင်ကို အဆုံးထိတိုင် ရှာဖွေသွားမယ်လို့ ကြုံးဝါးလာပါတယ်။

ရိုဆင်နီယာရဲ့ ပွဲထွက်လူစာရင်းမှာ ပွဲမတိုင်မီ ၈ နာရီအလိုကတည်းက ပေါက်ကြားလာခဲ့တာ ဖြစ်ပြီး ပြင်သစ်ဂျာနယ်လစ်တစ်ဦးက ဖွင့်ချလာခဲ့တာလည်း ဖြစ်ပါတယ်။ ပေါက်ကြားခဲ့တဲ့အတိုင်း ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်တွင် ရောဘတ်ဆန်းချက်ဇ်အစား ဖီးလစ်ဂျော်ဂျင်ဆင်အား ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် ရန်ဂိုးသမားဂျော်ဂျင်ဆင်ဟာ ယင်းပွဲတွင် အမှားပြုလုပ်ကာ လက်ဆောင်ဂိုးပေးခဲ့ပြီး ချဲလ်ဆီးတို့ ၅-၂ ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာရရန် သေချာသလောက် အခြေအနေသို့ ရောက်သွားပါတယ်။

ရိုဆင်နီယာက "ဒါနဲ့(လူစာရင်းပေါက်ကြားမှု)ပတ်သက်ပြီး မစိုးရိမ်ပါဘူး။ တကယ်လို့ ရှိနေတယ်ဆိုရင် (စပိုင်) အဆုံးထိ ရှာဖွေပါမယ်။ ဒါမျိုးတွေက အခု ဖြစ်နေတယ်။ ဖြစ်နေတာလည်း ကြာပါပြီ။ ကျွန်တော်တို့ ပြိုင်ဘက်နဲပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ သတင်းအချက်အလက် ရတာပဲ။ ပွဲမတိုင်ခင်ထက် ပွဲပြီး ရလဒ်အပေါ် ပိုပြီးတော့ အာရုံစိုက်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာ စနေနေ့တွင် နယူးကာဆယ်နှင့် ရင်ဆိုင်ပြီးနောက် လာမယ့် အပတ် အင်္ဂါနေ့တွင် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပီအက်စ်ဂျီအား ဧည့်ခံကစားရပါမယ်။

ပီအက်စ်ဂျီမှာ ယခုအပတ်ကြားရက် ပွဲအား ရွှေ့ဆိုင်းထားနိုင်မှုနှင့်အတူ လာမယ့် စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်အတွက် နားချိန်နှင့် ပြင်ဆင်ချိန် အပြည့်အဝ ရရှိထားပါတယ်။

image