ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဂျာမနီအသင်းကို ဂျာဂင်ကလော့ပ် ကိုင်တွယ်လာနိုင်
=====================
ဂျာဂင်ကလော့ပ်ဟာ နွေရာသီတွင် ဂျာမနီအသင်းနည်းပြရာထူးအား ရယူလာနိုင်ကြောင်း သတင်းထွက်ပေါ်နေပါတယ်။
ဂျာဂင်ကလော့ပ်ဟာ ရက်ဘူးလ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာဘောလုံးအကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။
အသက် ၅၈ နှစ်ရှိ ကလော့ပ်ဟာ ၂၀၂၄ ခုနှစ်တွင် လီဗာပူးမှ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှ စတင်ကာ ရက်ဘူးလ်တွင် ဘောလုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လာတာပါ။
ဒါပေမယ့် ယနေ့တွင် Bild ရဲ့ ဖော်ပြလာမှုအရ ကလော့ပ်ဟာ ယင်းရာထူးမှာ သူနှင့် သင့်တော်တဲ့အလုပ်တစ်ခုလို့ ယူဆလာခြင်း မရှိမှုနှင့်အတူ ဘောလုံးကွင်းထဲသို့ ပြန်လည် ဝင်ရောက်ကာ ကစားသမားများအား စီမံခန့်ခွဲရေး လုပ်ဆောင်လာလိုနေကြောင်း သိရပါတယ်။
ကလော့ပ်ဟာ ယခင်တုန်းက ဂျာမနီအသင်းနည်းပြရာထူးအတွက် ကမ်းလှမ်းမှုအား ငြင်းဆိုခဲ့ဖူးပေမယ့်လည်း ယခုတစ်ကြိမ်တွင် ကမ်းလှမ်းလာပါက လက်ခံရန် အသင့်ရှိနေတယ်လို့ ယုံကြည်ရပါတယ်။
ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရှိ နည်းပြဂျူလီယန်နာဂျယ်မန်းအား ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရလဒ်အပေါ် မူတည်ပြီး အနာဂတ်အလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။
အသက် ၃၈ နှစ်ရှိ နာဂျယ်မန်းဟာ ဂျာမနီအသင်းကို ၂၀၂၃ ခုနှစ်ကတည်းက ကိုင်တွယ်လာတာ ဖြစ်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ကလော့ပ်ဟာ ရက်ဘူးလ်နှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့်လည်း လက်ရှိအနေအထားအရ သက်တမ်းမကုန်မီ ထွက်ခွာလာနိုင်ခြေ ရှိနေပြီ ဖြစ်ပါတယ်။
ကလော့ပ်ဟာ ကလပ်နည်းပြလောကမှ ထွက်ခွာရတဲ့ အဓိကအကြောင်းရင်းက မိသားစုနှင့် အချိန်ပိုမို ကုန်ဆုံးနိုင်ရန် ဖြစ်ပါတယ်။
ဒါပေမယ့် တကယ်တမ်းတွင် သူဟာ လက်ရှိ အလုပ်မှာ သူ့ရဲ့အကျွမ်းကျင်ဆုံးအလုပ်ဖြစ်မနေမှုနှင့်အတူ သင့်လျော်ကိုက်ညီတဲ့ အလုပ်တစ်ခုလို့ ယူဆနေခြင်း မရှိပါဘူး။
ကလော့ပ်ကို ခန့်အပ်ရေး စိတ်ဝင်စားနေတာ ဂျာမနီတစ်သင်းတည်း မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်ကလည်း နွေရာသီတွင် နည်းပြသစ် ခန့်အပ်ရေး ရှာဖွေနေပြီး ကလော့ပ်မှာ လျာထားစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေပါတယ်။