အာဂျင်တီးနားနှင့် စပိန်တို့ ကစားမယ့် Finalissima ပွဲစဉ်အား ဘာနေဗျူးကွင်းတွင် ကစားလာမည်
===================
ယူရိုချန်ပီယံ စပိန်နှင့် တောင်အမေရိကချန်ပီယံ အာဂျင်တီးနားတို့ ကစားမယ့် Finalissima ပွဲစဉ်အား လုံခြုံရေးအရ အရှေ့အလယ်ပိုင်း နိုင်ငံ ကာတာတွင် ကစားရေးအား ဖျက်သိမ်းကာ စပိန်နိုင်ငံ၊ မက်ဒရစ်ရှိ ဘာနေဗျူးကွင်းတွင် ကစားရန် စီစဉ်လာပါတယ်။
အဆိုပါပွဲစဉ်ကို မတ်လ ၂၇ ရက်နေ့တွင် ကစားရန် စီစဉ်ထားတာ ဖြစ်ပြီး အိမ်ရှင်အဖြစ် ကျင်းပမယ့် ကာတာနိုင်ငံမှာ အီရန်ရဲ့ တိုက်ခိုက်ခြင်းခံနေရမှုနှင့်အတူ ယခုကဲ့သို့ ကွင်းပြောင်းလဲ ကစားရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်က Finalissima ပွဲစဉ်အား ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကွင်းတွင် ကစားရေးအဆိုပြုခဲ့ရာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကမူ ယင်းအစီအစဉ်ကို လက်ခံခြင်း မရှိသေးကြောင်း သိရပါတယ်။
ဥရောပနှင့် တောင်အမေရိကဘုရင်တို့ကစားမယ့် Finalissima ပွဲစဉ်ကို ဒိုဟာတွင် ကစားရန် စီစဉ်ထားခဲ့တာပါ။
ဒါပေမယ့် အီရန်က အမေရိကန်ရဲ့ မဟာမိတ်အရှေ့အလယ်ပိုင်းနိုင်ငံများအား ဒုံးကျည်များ၊ ဒရုန်းများနှင့် တိုက်ခိုက်နေမှုကြောင့် လံ့ခြုံရေးစိုးရိမ်စရာ ရှိနေခဲ့ပါတယ်။
ဒါကြောင့်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့် မြို့တော်အာဏာပိုင်များထံမှ ဘာနေဗျူးကွင်းအား အသုံးပြုရေး ခွင့်ပြုချက်ရေးရပြီးနောက် ဘာနေဗျူးကွင်းတွင် ကစားရန် စီစဉ်လာပါတယ်။
ဒါပေမယ့် အာဂျင်တီးနားဘက်က ဘာနေဗျူးကွင်းမှာ စပိန်အသင်းရဲ့ အိမ်ကွင်းဖြစ်နေမှုနှင့်အတူ ၎င်းတို့အတွက် မျှတခြင်းမရှိဟု ယုံကြည်ကာ ယင်းကွင်းတွင် ကစားရေးအပေါ် လက်ခံခြင်း မရှိသေးကြောင်း သိရပါတယ်။
တဖက်တွင် အာဂျင်တီးနားနှင့် စပိန်တို့ဟာ ဘာနေဗျူးကွင်းတွင် ကစားရေး အဆင်မပြေဖြစ်လာပါက လန်ဒန်၊ လစ္စဘွန်း၊ ရောမတို့တွင် ကစားရန်လည်း လျာထားကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် အာဂျင်တီးနားဘက်ကလည်း Finalissima ပွဲစဉ်ကို ဗျူနိုအေရိပ်စ်ရှိ Monumental ကွင်းတွင် ကစားရန်လည်း အဆိုပြုရန် တန်ပြန်စီစဉ်ထားကြောင်း သိရပါတယ်။
လာမယ့် Finalissima ပွဲစဉ်မှာ စပိန်ပါရမီရှင်လာမိန်းယာမဲလ်နှင့် ဘာစီလိုနာဂန္ထဝင်လီယွန်နယ်မက်ဆီတို့ ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲ ဖြစ်လာပါမယ်။