ချဲလ်ဆီးနှင့် ခြောက်နှစ်စာချုပ်သစ်ချုပ်ဆိုလာတဲ့ အသင်းခေါင်းဆောင်ရီစီဂျိမ်းစ်
=================
ချဲလ်ဆီးအသင်းခေါင်းဆောင်ရီစီဂျိမ်းစ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် အသက် ၃၂ နှစ်အထိ ရှိနေမယ့် ၂၀၃၂ ခုနှစ်အထိ ၆ နှစ်စာချုပ်သစ်အား ချုပ်ဆိုလာပါတယ်။
အသက် ၂၆ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ညာနောက်ခံလူရဲ့ ယခင်စာချုပ်မှာ ၂၀၂၈ ခုနှစ်တွင် ကုန်ဆုံးမှာ ဖြစ်ပြီး လုပ်ခနှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိပြီးနောက် စာချုပ်သစ်ချုပ်ဆိုလာတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးနှင့် ရီစီဂျိမ်းစ်တို့ဟာ စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးလာခဲ့တာ ကြာမြင့်ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကတည်းက သဘောတူညီမှု ရခဲ့တာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ အန်တိုနီရူဒီဂါနှင့် ခရစ္စတင်ဆင်တို့အား ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွတ်ခဲ့ရပြီးနောက် မည်သည့်ကစားသမားကိုမျှ စာချုပ်သက်တမ်း ၂ နှစ်မကျန်မီခင်မှာ စာချုပ်သစ်ချုပ်ဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။
ရီစီဂျိမ်းစ်ဟာ ချဲလ်ဆီးအကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး ကလပ်အတွက် ၂၂၅ ပွဲကစားထားသူလည်း ဖြစ်ပါတယ်။
ရီစီဂျိမ်းစ်ဟာ ချဲလ်ဆီးနှင့်အတူ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလားများစွာ ဆွတ်ခူးထားသူလည်း ဖြစ်ပါတယ်။
သူဟာ ယခင်ပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ချ်လက်ထက်အပြင် လက်ရှိ ပိုင်ရှင်သစ်လက်အောက်တို့တွင်လည်း ကျင်လည်ဖူးတဲ့ တစ်ဦးတည်းသော ချဲလ်ဆီးကစားသမားလည်း ဖြစ်ပါတယ်။