4 ရက် - ဘာသာပြန်ပါ။

ဒလ-ဆူးလေ ပြေးဆွဲသည့် YBS ကားများကို စစ်ဆေးပြီးမှ ထွက်ခွါခွင့်ပြု

ဒလ-ဆူးလေ ပြေးဆွဲနေသည့် YBS ဘတ်စ်ကားယာဉ်လိုင်းများကို တာဝန်ရှိသူများက စစ်ဆေးပြီးမှသာ ထွက်ခွါခွင့်ပြုကြောင်း သိရသည်။

ပြီးခဲ့သည့်လအတွင်းက ဒလ-ဆူးလေ ပြေးဆွဲသည့်ယာဥ်လိုင်းတစ်ခု၏ ကြမ်းခင်းပေါက်ပြဲမှုကြောင့် ကလေးငယ်တစ်ဦးအသက်ဆုံးရှုံးပြီးနောက် ထိုသို့ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး YRTC က အကုန်စစ်တယ်။ ကားပိုင်းဆိုင်ရာ ဆိုရင်လည်း မီးသတ်ဘူး အစစအရာရာ ပြည့်စုံမှ ထွက်ခွင့်ပေးတာ” ဟု ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒလ-ဆူးလေ ယာဉ်လိုင်းသည် ရန်ကုန်ဘက်အခြမ်းမှဆိုလျှင် ဆူးလေဘုရားရှေ့ ၈၇၊ ၁၀၈ ဂိတ်အနီးမှာ ဂိတ်စဖြစ်သည်။

ထိုမှတဆင့် အနော်ရထာလမ်းအတိုင်း သွားကာ ရွှေတိဂုံဘုရားလမ်း၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ရှေ့မှ ဗိုလ်ချုပ်လမ်းအတိုင်းမှ တဆင့် ပြည်လမ်း၊ ဘုန်းကြီးလမ်းဘက်ကွေ့ကာ တံတားပေါ် ဖြတ်သန်းမောင်းနှင်ခြင်း ဖြစ်သည်။

ဒလဘက်မှဆိုလျှင် စည်ပင်ဝန်ထမ်းအိမ်ရာ အနီးနှင့် ဒလမြို့နယ်ဆိုင်းဘုတ်အနီး၌ ဂိတ်သတ်မှတ်ထားသည်။

ရန်ကုန်မြို့နှင့် ဒလမြို့ကိုလည်း ယာဉ်အစီးရေ (၁၅)စီးဖြင့် မနက် ၆ နာရီမှ ညနေ ၆ နာခွဲအထိ ပြေးဆွဲပေးနေသည်။

YBSများ ပြေးဆွဲပေးနေမှုကြောင့် ယခင်ကထက် သွားလာရာတွင် ပိုမိုအဆင်ပြေလာကာ ယာဉ်အစီးရေ တိုးချဲ့ပြေးဆွဲပေးစေလိုကြောင်း စီးနင်းသူများက YBS group တွင် ရေးသားထားခြင်းများလည်း ရှိသည်။

image