မြန်မာဖိုက်တာ ထွန်းမင်းအောင် ပြိုင်ဖက်ထိုင်းဖိုက်တာကို ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်
ယနေ့ မတ်လ(၁၃)ရက် ညပိုင်းတွင် ကျင်းပပြုလုပ်သည့် ONE -146 ပွဲစဉ်အတွင်း မြန်မာဖိုက်တာ ထွန်းမင်းအောင်မှာ ပြိုင်ဖက် ထိုင်းဖိုက်တာကို ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ထွန်းမင်းအောင်သည် သုံးချီပြည့်သည်အထိ ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့သလို ၊ ပြိုင်ဘက်ထိုင်းဖိုက်တာကို တွဲလုံးလက်သီးများ ၊ တံတောင်ရိုက်ချက်များဖြင့်တိုက်စစ်ဖွင့် ထိုးသတ်နိုင်ခဲ့သော်လည်း ONE ၏ ထုံးတမ်းစဉ်လာအရ ထိုင်းဖိုက်တာများဖြင့် ယှဉ်ပြိုင်သည့်အခါ အလဲမထိုးနိုင်ပါက ရိုးရာဖိုက်တာများက အရှုံးပေးရသည့် အစဉ်အလာလည်းဖြစ်နေသည်။
ONE ပွဲစဉ်များဖြင့် ဝေးကွာနေသလို အရှုံးများဖြင့်သာ ရင်ဆိုင်နေရသည့် ထွန်းမင်းအောင်မှာ ယနေ့ပွဲစဉ်အတွက် လက်ရည် တိုးတက်လာသလို မာဂုဏ်လည်းမြင့်လာသည်ကို တွေ့ရသည်။
ပြိုင်ဘက် ထိုင်းဖိုက်တာမှာလည်း ခံစစ်အခြေအနေဖြင့်သာ ထိုးသတ်ခဲ့သော် လည်း ထွန်းမင်းအောင်၏ တိုက်ခိုက်မှုကို အတတ်နိုင်ဆုံးကာကွယ်ခဲ့သလို တံ တောင်ရိုက်ချက်နှင့် တွဲလုံးလက်သီးများအကြား ရုန်းထွက်နိုင်အောင် ကြိုးစားခဲ့ရသည်။
ယနေ့ ကျင်းပမည့် ONE ပွဲစဉ်အတွင်း ရိုးရာဖိုက်တာ သုံးဦးအထိပါဝင်လာပြီး ထွန်းမင်းနိုင်(ခ)စူလမန်မှာ တရုတ်ဖိုက်တာ ကျန်းဂျင်းဟူကို အနိုင်ရရှိခဲ့သော်လည်း ညီတော်စပ်သူ ထွန်းမင်းအောင်မှာ ထိုင်းဖိုက်တာကို ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ပွဲစဉ်အတွင်း ရိုးရာဖိုက်တာသုံးဦးမြောက် ယှဉ်ပြိုင်ထိုးသတ်မည့် ရဲရင့်နောင်၏ ပွဲစဉ်ကိုလည်း ပရိတ်သတ် စိတ်ဝင်စားမှုမြင့်တက်နေသည်။