ကျူဒေါ်အနာဂတ်အား ကလပ်အမှုဆောင်များကို ဆုံးဖြတ်ခွင့်ပေးလာတဲ့ စပါးစ်ပိုင်ရှင်
=====================
စပါးစ်အသင်းပိုင်ရှင်အီနစ်ဟာ အိုင်ဂေါ်ကျူဒေါ်ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး ကလပ်အမှုဆောင်အဖွဲ့ထံ ဆုံးဖြတ်ခွင့်ပေးအပ်လာပါတယ်။

ကျူဒေါ်ဟာ ပြီးခဲ့တဲ့လတုန်းက ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ သောမတ်စ်ဖရန့်နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရပြီးနောက် စပါးစ်အား ၄ ပွဲ ကိုင်တွယ်ရာတွင် ၄ ပွဲလုံး ရှုံးနိမ့်ထားကာ ဖိအားများအောက်သို့ ကျရောက်နေပါတယ်။

စပါးစ်အမှုဆောင်ချုပ်ဗီနိုင်းဗန်ကာတက်စ်ဟမ်နှင့် အားကစားဒါရိုက်တာဂျိုဟန်လန်ဂီတို့ဟာ ပြီးခဲ့တဲ့လတုန်းက သောမတ်စ်ဖရန့်ကို ထုတ်ပယ်ပြီးနောက် အသက် ၄၇ နှစ်ရှိ ခရိုအေးရှားလူမျိုးနည်းပြအား ခန့်အပ်ရန် ဆုံးဖြတ်ခဲ့ကြတာပါ။

စပါးစ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာတွင်သာ ရပ်တည်နေကာ တန်းမဆင်းရရေး တိုက်ပွဲဝင်နေပါတယ်။

၎င်းတို့ဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့တွင် အက်သလက်တီကိုအား ၅-၂ ဖြင့် ရှုံးနိမ့်ထားမှုနှင့်အတူ ချန်ပီယံလိဂ်မှ ထွက်ခွာရရန် အခြေအနေကောင်းနေပါတယ်။

စပါးစ်ဟာ တနင်္ဂနွေနေ့တွင် လီဗာပူးကို ရင်ဆိုင်ရမှာ ဖြစ်ပြီး အခြေအနေ ပိုမို ဆိုးရွားလာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကွင်းအတွင်း ရလဒ်ဆိုးရွားနေချိန်တွင် ကစားသမားများနှင့် အိုင်ဂေါ်ကျူဒေါ်အကြားတွင်လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။ စပါးစ်အသင်းကစားသမားအများစုတို့က ကျူဒေါ်မှာ အသင်းကို ပရီးမီးယားလိဂ်တွင် တင်ကျန်ရစ်အောင် စွမ်းဆောင်နိုင်မယ့်သူ မဟုတ်ဘူးလို့ ယုံကြည်နေကြပါတယ်။

တဖက်တွင် ကျူဒေါ်ဟာ အက်သလက်တီကိုအား ရှုံးနိမ့်တဲ့ပွဲတွင် အမှားပြုလုပ်ကာ ၂ ဂိုးလက်ဆောင်ပေးခဲ့တဲ့ အသက် ၂၂ နှစ်ရှိ ဂိုးသမားကန်စကီအား ပွဲချိန် ၁၇ မိနစ်တွင်ပင် လူစားလဲလှယ်မှု ပြုလုပ်ခဲ့မှုအတွက် အသင်းသားများရဲ့ စိတ်ပျက်ဒေါသထွက်ခြင်းခံနေရပါတယ်။

ဒါပေမယ့်လည်း စပါးစ်ရဲ့ နေ့စဉ် လုပ်ဆောင်မှုများတွင် တစုံတရာ ပါဝင်ပတ်သက်လာခြင်း မရှိတဲ့ အသင်းပိုင်ရှင်အီနစ်ဟာ ကျူဒေါ်ရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး အမှုဆောင်အဖွဲ့အား ဆုံးဖြတ်ပိုင်ခွင့်ပေးထားကြောင်း သိရပါတယ်။

image