အပျော်တမ်းကလပ်အတွက် ပထမဆုံးကစားတဲ့ပွဲတွင် ရယ်စရာကောင်းတဲ့ အမှား ပြုလုပ်မှုအတွက် အမှတ်လျှော့ခံရမယ့်အရေးနှင့် ကြုံနေရတဲ့ ရီးရဲလ်နှင့်အင်တာစတားဟောင်း
=====================
ဝက်စ်လေဆနိုက်ဒါဟာ ဒတ်ချ်အပျော်တမ်းကလပ် OSM’75 အား ပထမဆုံးကစားတဲ့ပွဲစဉ်တွင် ကလပ်နည်းပြဘက်က လူရယ်စရာကောင်းတဲ့ အမှားမျိုး ပြုလုပ်မှုနှင့်အတူ အမှတ်လျှော့ခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
အင်တာမီလန်နှင့် ရီးရဲလ်မက်ဒရစ်စတားဟောင်းဟာ စနေနေ့တုန်းက OSM’75 ရဲ့ ပထမဆုံးပွဲစဉ်အဖြစ် စတုတ္ထတန်းအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ Focus'07 နှင့်ပွဲတွင် ပါဝင်ကစားခဲ့ရာ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် Focus' 07 က OSM’75 မှာ ကစားသမား ၃ ဦးတည်းသာ လူစားလဲလှယ်ခွင့် ပြုထားချိန်တွင် ကစားသမား ၄ ဦးအထိ လူစားလဲလှယ်မှု ပြုလပ်တယ်လို့ စွပ်စွဲထားပါတယ်။
Focus's 07 ဘက်က တိုင်ချက်ဖွင့်လာမှုနှင့်အတူ ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၄၁ နှစ်ရှိ ဆနိုက်ဒါရဲ့ OSM’75 အား ပထမဆုံးကစားတဲ့ စနေနေ့တုန်းက ပွဲစဉ်ကို ပရိသတ် ၁၀၀၀ ကျော်အထိ လာရောက်ကြည့်ရှုခဲ့ကြတာပါ။
ဒါပေမယ့် OSM’75 နည်းပြဗန်ဝစ်ဟာ ယင်းပွဲတွင် ကစားသမား ၄ ဦးအထိ လူစားလဲလှယ်မှုအတွက် စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။
တကယ်လို့များ OSM’75 သာ လူစားလဲလှယ်မှု ၄ ကြိမ် ပြုလုပ်ကာ စည်းမျဉ်းချိုးဖောက်လာပါက ရမှတ် ၃ မှတ်အထိ လျှော့ချခြင်းခံလာရပါမယ်။
တဖက်တွင် OSM’75 နည်းပြဗန်ဝစ်က ကစားသမား ၁ ဦးအပို လူစားလဲလှယ်မှု ပြုလုပ်ရခြင်းမှာ ခေါင်းဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဖြစ်ပြီး ဒိုင်လူကြီးကလည်း ခွင့်ပြုမှု ပြုလုပ်ခဲ့ကြောင်း ရှင်းလင်းထားပါတယ်။