ပေါ်တိုနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲတွင် အနီကတ်ထုတ်ပယ်ခြင်းခံခဲ့ရသလို တပည့်ဟောင်းရဲ့ သစ္စာဖောက်လို့ အကြိမ် ၅၀ ခေါ်ဝေါ်ခြင်းခံခဲ့ရတဲ့ မော်ရင်ဟို
====================
တနင်္ဂနွေနေ့ညတုန်းက O Classico ပွဲတွင် လီဂါပေါ်တူဂီအား ဦးဆောင်နေတဲ့ ပေါ်တိုဟာ ဘင်ဖီကာကို ၂-၀ ဂိုးဖြင့် ဦးဆောင်နေပြီးမှ ပွဲနှောင်းပိုင်းတွင် ချေပဂိုးပေးခဲ့ရကာ ၂ ဂိုးစီသရေဖြင့် ကျေနပ်ခဲ့ရပါတယ်။

ယင်းပွဲနှောင်းပိုင်းတွင် ဘင်ဖီကာတို့ ချေပဂိုးများ ရရှိသွားပြီးနောက် ဟိုဆေးမော်ရင်ဟိုဟာ အသင်းဟောင်းပေါ်တိုမှ နည်းပြအဖွဲ့ဝင်တစ်ဦးနှင့် ပြဿနာတက်ခဲ့မှုအတွက် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီး ကွင်းအတွင်းမှ မထွက်ခွာမီတွင် အငြင်းပွားဖွယ် အပြုအမူပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်။

ယင်းပွဲတွင် ဒိန်းမတ်အလယ်တန်းကစားသမားဗစ်တာဖရိုဟိုးလ်က ပွဲအစ ၁၀ မိနစ်တွင် ပေါ်တိုအတွက် ဦးဆောင်ဂိုး သွင်းပြီးနောက် ပိုလန်ကစားသမားပီတူဇောစကီးက ပထမပိုင်းမပြီးခင်တွင်ပင် ၂-၀ ဖြင့် ဦးဆောင်မယ့် ဂိုးအား သွင်းခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းတွင် အိမ်ရှင်ဘင်ဖီကာတို့ ချေပဂိုးရရှိရေး အစွမ်းကုန် တိုက်စစ်ဆင့်ကစားခဲ့ပြီး အင်ဒရီယာ့စ်ရှာဂျယ်လ်ဒါရပ်နှင့် လီယန်ဒရိုဘာရီရိုတို့ရဲ့ ဂိုးတွေဖြင့် ချေပဂိုး ရခဲ့ပါတယ်။

၈၉ မိနစ်တွင် ဘာရီရိုက ချေပဂိုးသွင်းပြီးချိန်မှာတော့ မော်ရင်ဟိုဟာ ပေါ်တိုနည်းပြအဖွဲ့နှင့် ပြဿနာတက်နေတာ တွေ့ရပြီး တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

မော်ရင်ဟိုဟာ ကွင်းအတွင်းမှ မထွက်ခွာမီ လက်မနှင့် လက်ညှိုးတို့အား ထိပြီး ပေါ်တိုနည်းပြအဖွဲ့သို့ ပြုမူ ပြသခဲ့တာလည်း တွေ့ရပါတယ်။

ပွဲအပြီးတွင် ဘာကြောင့် ထုတ်ပယ်ခံရသလဲလို့ မေးမြန်းလာချိန်တွင် မော်ရင်ဟိုက "ဒိုင်လူကြီးက ပေါ်တိုအသင်းအရန်ခုံဘက်သို့ ဘောလုံးကန်တယ်ဆိုပြီး ထုတ်လိုက်တာလို့ ပြောတယ်။ လုံးဝ မှားတယ်။ ကျွန်တော်က ဘောလုံးကို ပရိသတ်တွေဆီကို ကန်တယ်။ ကံကောင်းတဲ့သူ ရပါစေဆိုပြီးတော့ ကန်တာ။ ဘောလုံးသိပ်အကျွမ်းကြီး မဟုတ်ပေမယ့်လည်း ပရိသတ်တွေကို ရည်ရွယ်တာပါ။ ကျုပ်က မှားယွင်းအထုတ်ခံရတာပါ။ စတုတ္ထဒိုင်လက ပွဲတစ်လျှောက် အမှားတွေ တောက်လျှောက်လုပ်တယ်။ ဆက်လုပ်လာလို့ ဒါကို ဒိုင်ကို အသိပေးခဲ့တယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် အသက် ၆၃ နှစ်ရှိ မော်ရင်ဟိုက ပေါ်တိုနည်းပြအဖွဲ့ဝင် ဂွန်ဇာလက်ဇ်နှင့် ပြဿနာတက်ခဲ့မှုနှင့်ပတ်သက်ပြီး "သူက ကျုပ်ကို သစ္စာဖောက်လို့ အကြိမ် ၅၀ တောင်ခေါ်ဝေါ်ခဲ့တယ်။ဘာလို့ သစ္စာဖောက်လို့ ခေါ်သလဲ ရှင်းပြစေချင်တယ်။ ကျုပ်ကို ပေါ်တိုကို သွားတယ်၊ ပေါ်တိုအတွက် အစွမ်းကုန်စိတ်နှစ်ပြီး လုပ်ခဲ့တယ်။ ချဲလ်ဆီးကို သွားတယ်၊ အင်တာသို့ သွားတယ်၊ ရီးရဲလ်ကို သွားတယ်။ တစ်ကမ္ဘာလုံး ပတ်ဲ့တယ်။ ကျုပ်ဘဝရဲ့ နေ့စဉ်နေ့တိုင်း ၂၄ နာရီလုံး အလုပ်လုပ်ပေးခဲ့တယ်။ ဒါကို ပရော်ဖက်ရှင်နယ်လို့ ခေါ်တယ်။ သူ မာဆေးကို သွားတုန်းကရော သစ္စာဖောက်တစ်ယောက် ဖြစ်သွားရောလား။ သစ္စာဖောက်ဆိုတာ ဘာလဲ။ သူ့အနေနဲ့ ကျုပ် နစ်နာလောက်တဲ့ အခြားအရာတစ်ခုနဲ့ ပြောဆိုနိုင်တယ်။ ဒါက ကျုပ်ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို တိုက်ခိုက်တာပါ။ ကျုပ်တန်ဖိုးထားတဲ့အရာကို တိုက်ခိုက်တာပါ"လို့ ပြောကြားသွားပါတယ်။

image