အကြွေးပေါင် ၁.၆ သန်းတင်ရှိပြီးနောက် ယူနိုက်တက်စတားဟောင်းရဲ့ ကုမ္ပဏီ ဖျက်သိမ်းခြင်းခံရ
===================
ယူနိုက်တက်စတားဟောင်းဂျက်စီလင်ဂတ်ရဲ့ ရုပ်ပုံလွှာမူပိုင်ခွင့်ကုမ္ပဏီဟာ အကြွေး ပေါင် ၁.၆ သန်းအထိ တင်ရှိနေပြီးနောက် တရားရုံးရဲ့ ကုမ္ပဏီ ဖျက်သိမ်းခြင်းခံလာရပါတယ်။

JL Commercial Limited ဟာ ကြွေးမြီများ ပေးရန် ပျက်ကွက်ပြီးနောက် ကုမ္ပဏီ ဖျက်သိမ်းခံလာရတာလည်း ဖြစ်ပါတယ်။

ယင်းအမှုကို ဩဂုတ်လမှ စတင်ကာ ကြားနာစစ်ဆေးလာတာ ဖြစ်ပါတယ်။

လင်ဂတ်ရဲ့ ကုမ္ပဏီတွင် အကြွေးရရန် ရှိနေတဲ့ ဥပဒေကုမ္ပဏီ Pinsent Masons က အသနားခံစာတင်လာပြီးနောက် အမှုကို ကြားနာစစ်ဆေးလာတာလည်း ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ လင်ဂတ်ဟာ ၂၀၁၈ ခုနှစ်တုန်းက သူ့ကိုယ်ပိုင် အဝတ်အထည်အမှတ်တံဆိပ်နှင့် ဂိုးသွင်းအောင်ပွဲခံမှုများအပါအဝင် အမှတ်တံဆိပ်များကို ကိုင်တွယ်ရန်အတွက် ယင်းကုမ္ပဏီကို တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ နောက်ဆုံးဘဏ္ဍာရေးစာရင်းအရ ဘဏ်ချေးငွေ ပေါင် ၂၂၅၀၀၊ အခွန်ကြွေးမြီ ပေါင် ၃၆၆၀၂ အပါအဝင် ကြွေးမြီစုစုပေါင်း ပေါင် ၁၅၆၂၀၉၂ ရှိနေကြောင်း တွေ့ရပါတယ်။

ဇန်နဝါရီလတုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းအရာ လင်ဂတ်ဟာ ကြွေ့းမြီ ပေါင် ၃၀၀၀၀၀ နီးပါး တင်ရှိနေမုနှင့်အတူ Jlingz အဝတ်အစားအမှတ်တံဆိပ်ကို ဆက်လက် မထုတ်လုပ်တော့ဘဲ ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

လင်ဂတ်ဟာ မကြာသေးမီတုန်းက ဘရာဇီးကလပ် ကိုရင်သီယန်သို့ ပြောင်းခဲ့သူ ဖြစ်ပြီး ယင်းတွင် ယူနိုက်တက်ကစားဖော်ဟောင်းများဖြစ်ကြတဲ့ အင်ဒရေပီရီရာ၊ မမ်ဖစ်ဒီပေးတို့နှင့် အတူ တွဲကစားရပါမယ်။

သူဟာ ယင်းမတိုင်မီ ကိုရီးယားကလပ် အက်ဖ်စီဆိုးလ်တွင် ကစားခဲ့ပြီး ၆၇ ပွဲကစားခဲ့ရာမှာ ၁၉ ဂိုးသွင်းနိုင်ခဲ့ပါတယ်။

သူဟာ ကိုရင်သီယန်သို့ ၁၂ လစာချုပ်ဖြင့် ပြောင်းခဲ့တာ ဖြစ်ပြီး စာချုပ်အတွင်းတွင် ၁၂ လထပ်မံ သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားပါတယ်။

image