ပြင်ဦးလွင်မြို့နယ်အတွင်း ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ၌ တရားမဝင်မြေအသုံးချမှုများမရှိစေရန် မြေပြင်ကွင်းဆင်းစစ်ဆေးမည်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ၌ တရားမဝင်မြေအသုံးချမှုများမရှိစေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးမည်ဖြစ် ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် သဘာဝတောများထိန်းသိမ်းခြင်း၊ စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ ရေဝေရေလဲဒေသများထိန်းသိမ်းခြင်း၊ သစ်တော စိုက်ခင်းများတည်ထောင်ခြင်းတို့အား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေရာ၌ တရားမဝင်ကျူးကျော် အခြေချခြင်းများနှင့် တရားမဝင်မြေအသုံးချခြင်းများမရှိစေရန် မြေအသုံးချနေမှုများဥပဒေနှင့်အညီ စနစ်ကျမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မတ် ၈ ရက်ကလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီမှ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောမြေဖြစ်သော ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေများအား ခွင့်ပြုချက်မရဘဲ အခြားမြေအသုံးချမှုအဖြစ်ပြောင်းလဲအသုံးချနေမှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများတွင်ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများအား ကနဦးကြည့်ရှုစစ်ဆေးခဲ့သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊ တောမီးနှင့် မီးခိုးမြူငွေ့အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာကြီးကြပ်ဆောင်ရွက်နိုင်ရန် လေယာဉ်ဖြင့်လှည့်လည်စစ်ဆေးခြင်းများကိုဆောင်ရွက်လျက်ရှိသည်။