အီရန်ကိုအနိုင်တိုက်ဖို့ ဗြိတိန်အကူအညီမလိုအပ်--ထရမ့်ပ်
အရှေ့အလယ်ပိုင်းသို့ လေယာဉ်တင်သင်္ဘောနှစ်စင်း စေလွှတ်ရန် အလေးအနက်ထားစဉ်းစားနေသည်ဟု ဗြိတိန်က အသိပေးလာခဲ့သော်လည်း အမေရိကအနေဖြင့် အီရန်စစ်ပွဲကို နိုင်ရန် ၎င်းတို့ကို မလိုအပ်တော့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စနေနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းကြောင့် စစ်ရေးမဟာမိတ်များအကြား နောက်ဆုံးပွတ်တိုက်မှုကို မြင်တွေ့ရသည်။
ထရမ့်ပ်သည် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာကို အကြိမ်ကြိမ်ဝေဖန်ခဲ့ပြီး လန်ဒန်သည် စစ်ပွဲကနဦးတွင် ဗြိတိန်အခြေစိုက်စခန်းများကို အမေရိကအတွက် အသုံးပြုခွင့်မပေးခဲ့ခြင်းဖြင့် နှစ်နိုင်ငံ၏ သမိုင်းဝင်နီးကပ်သောဆက်ဆံရေးကို ဖျ-က်လိုဖျ-က်ဆီးလုပ်ခဲ့ကြောင်း မှတ်ယူခဲ့သည်။
အီရန်နှင့် ပဋိပက္ခတွင် ဗြိတိန်၏ ထောက်ခံပံ့ပိုးမှုမရှိခဲ့ခြင်းကို အမှတ်ရနေမည်ဟု ထရုဆိုရှယ်မီဒီယာတွင် တင်ခဲ့သောပို့စ်၌ ထရမ့်ပ်က ပြောကြားခဲ့သည်။
“ယူနိုက်တက်ကင်းဒမ်း၊ အားလုံးထဲမှာ အကောင်းဆုံးဖြစ်နိုင်တဲ့ တစ်ချိန်က ငါတို့ရဲ့ မဟာမိတ်ကြီး၊ နောက်ဆုံးမှာတော့ အရှေ့အလယ်ပိုင်းကို လေယာဉ်တင်သင်္ဘောနှစ်စင်းလွှတ်ဖို့ အလေးအနက်ထား စဉ်းစားနေပြီ” ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။
“အဆင်ပြေပါတယ် ဝန်ကြီးချုပ် စတားမာရေ၊ သူတို့ကို မလိုအပ်တော့ပါဘူး၊ ဒါပေမယ့် အမှတ်ရနေမှာပါ။ စစ်ပွဲ အနိုင်ရနေခဲ့ပြီးမှ စစ်ထဲပါလာမယ့်သူတွေကို ငါတို့ မလိုအပ်တော့ပါဘူး” ဟု ဆက်လက်ပြောကြားခဲ့သည်။
ပရင့်ဆော့ဖ်ဝေးလ်စ် လေယာဉ်တင်သင်္ဘောကို တပ်ဖြန့်ချထားနိုင်ခြေအတွက် ပြင်ဆင်နေကြောင်း စနေနေ့တွင် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပြီးနောက် ထရမ့်ပ်၏ ဆိုရှယ်မီဒီယာပို့စ် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော် လေယာဉ်တင်သင်္ဘောကို အရှေ့အလယ်ပိုင်းသို့ တပ်ဖြန့်မည် မဖြန့်ဘူးကို အပြီးသတ်ဆုံးဖြတ်ချက် မချရသေးဟု ဗြိတိန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
စတားမာကမူ ဗြိတိန်အခြေစိုက်စခန်းများကို အသုံးပြုခွင့်မပေးသည့် သူ၏ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့ရာ၌ မည်သည့် စစ်ရေးလုပ်ဆောင်ချက်မဆိုသည် တရားဝင်မှုနှင့် အစီအစဉ်ကျနကောင်းမွန်မှုတွင် စိတ်ကျေနပ်ဖွယ်ရာရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
Ref: ရိုက်တာ