အခြေခံပညာအဆင့် ကျောင်းသား/သူ ၂၀၀ ကျော်ဖြင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်
ယနေ့ မတ်လ ၉ ရက်တွင် အာကာသပြတိုက်(ရန်ကုန်) တွင် အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားကာ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းတွင် အာကာသအေဂျင်စီမှ သင်တန်းနည်းပြ ၅ ယောက်ကျော်ဖြင့် ရန်ကုန်တိုင်းအတွင်း အခြေခံပညာအဆင့်ရှိ Grade 9 / 10 / 11 မှ သင်တန်းသူ/သား ပေါင်း ၂၀၇ ယောက်ဖြင့် မတ်လ ၉ ရက် မှ ဧပြီလ ၃ ရက်ထိ အ.ထ.က (၂) ဒဂုံ တွင် မနက် ၉ နာရီမှ ၁၂ နာရီထိ (၄) ပတ်ကြာ သင်တန်းပို့ချမည်ဖြစ်ကြောင်း အာကာသအေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ထို့အပြင် ယခုသင်တန်းသည် အမှတ်စဉ် (၁) ဖြစ်ကာ နောက်နှစ် နွေရာသီကျောင်းပိတ်ရက်များတွင် နှစ်စဉ်ဖွင့်နိုင်ဖို့ မျှော်မှန်းထားကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံမှာ အာကာသနဲ့ဆိုင်တဲ့လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး ကျောင်းသား/သူတွေ စိတ်ဝင်စားလာအောင်နဲ့ ရည်မှန်းချက်တွေရှိလာအောင် အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာရပ်များ ဆက်လက်လေ့လာရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံဗဟုသုတများ တည်ဆောက်ပေးရန် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။