အားကစားဒါရိုက်တာရာထူးအတွက် ဖရက်မန်းအား ခန့်အပ်ရန် စပါးစ် စိတ်ဝင်စားနေ
==================
စပါးစ်ဟာ ယာယီနည်းပြအိုင်ဂေါ်ကျူဒိုရဲ့ အနာဂတ်မရေမရာ ဖြစ်နေပေမယ့်လည်း အားကစားဒါရိုက်တာသစ်အဖြစ် ဒူဂီဖရက်မန်းအား ခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။
စပါးစ်ဟာ ဇန်နဝါရီလတုန်းက အားကစားဒါရိုက်တာရာထူးမှ ဖေဘီယိုပါရာတီခီ ထွက်ခွာသွားပြီးနောက် အားကစားဒါရိုက်တာသစ် ခန့်အပ်ရေး ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
ဖရက်မန်းဟာ ခရစ္စတယ်ပဲလေ့စ်တွင် အားကစားဒါရိုက်တာအဖြစ် ၈ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၂၅ ခုနှစ်တွင် ထွက်ခွာကာ ဆော်ဒီကလပ် Al-Diriyah တွင် အလုပ်လုပ်လာသူ ဖြစ်ပါတယ်။
သူဟာ ပဲလေ့စ်တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မိုက်ကယ်အိုလစ်၊ အီဘီရီချီအီးဇီး၊ မာ့ခ်ဂူဟီ၊ အဒမ်ဝါတွန်၊ ဒိန်းဟင်ဒါဆင်တို့အား ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။
စပါးစ်ဟာ နွေရာသီတွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေး ရှာဖွေရာတွင် အထောက်အကူဖြစ်လာစေရန်အတွက် အားကစားဒါရိုက်တာသစ် အချိန်မှီခန့်အပ်လိုနေတာလည်း ဖြစ်ပါတယ်။
စပါးစ်ရဲ့ ပစ်မှတ်ထဲတွင် ချဲလ်ဆီးအားကစားဒါရိုက်တာပေါလ်ဝင်စတန်လေနှင့် ဘုန်းမောက်ရဲ့ ဘောလုံးဆိုင်ရာအကြီးအကဲတီယာဂိုပင်တိုတို့လည်း ပါဝင်နေပါတယ်။
တဖက်တွင် စပါးစ်ဟာ ယာယီနည်းပြအိုင်ဂေါ်ကျူဒိုလက်ထက်တွင် ၃ ပွဲဆက် အရှုံးနှင့် ကြုံရကာ တန်းဆင်းရမယ့်အရေးနှင့် ရင်ဆိုင်ရပြီးနောက် နည်းပြအပြောင်းအလဲ ပြုလုပ်ရေး အလေးအနက်ထား စဉ်းစားနေပါတယ်။
စပါးစ်ဟာ ကြာသပတေးနေ့တုန်းက ပဲလေ့စ်ကို ရှုံးနိမ့်ပြီးနောက် တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာတွင် ရပ်တည်နေပါတယ်။