ဗိုလ်ကလေးစျေးလမ်းထိပ်တွင် ပေ(၄၀)ရှိ ကွန်တိန်နာ (၃)စီးဆင့်တိုက် ကားမောင်းသူ(၁)ဦးခေါင်းခန်းအတွင်းညပ်ပြီးဒဏ်ရာရခဲ့
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ကလေးစျေးလမ်းထိပ်တွင် မတ် ၅ ရက်ည ၈ နာရီခွဲခန့်က ပေ(၄၀)ရှိ ကွန်တိန်နာ(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ကျောက်တံတားအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ကလေးစျေးလမ်းထိပ်၊ ကမ်းနားကျောက်လမ်းမကြီးပေါ်တွင် ပေ(၄၀)ရှိ ကွန်တိန်နာ(၃)စီးဆင့်တိုက်မိရာမှ ကားမောင်းသူ(၁)ဦးမှာ ကားခေါင်းခန်းအတွင်းညပ်နေသဖြင့် ကျောက်တံတားအရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ကားခေါင်းခန်းအတွင်းညပ်နေသည့် ကားမောင်းသူအား ကယ်ထုတ်နိုင်ခဲ့ကာ ကားမောင်းသူ၌ ထိခိုက်ဒဏ်ရာ(မစိုးရမ်ရ)ရရှိခဲ့ပြီး ကွန်တိန်နာများတွင်လည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
Photo-ကျောက်တံတားအရန်မီးသတ်