ယခု စစ်ပွဲကြောင့် အစ္စရေးစီးပွားရေး ထိခိုက်မှုမှာ တစ်ပတ်လျှင် ဒေါ်လာ ၃ ဘီလီယံခန့် ရှိလာမည်

အီရန်နှင့် ဖြစ်ပွားနေသော လေကြောင်းစစ်ပွဲကြောင့် အစ္စရေး၏ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုသည် တစ်ပတ်လျှင် ရှီကယ်(Shekels) ၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂.၉၃ ဘီလီယံ) အထိ ရှိလာနိုင်ကြောင်း အစ္စရေးဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အလုပ်သွားလာခွင့် ကန့်သတ်ခြင်း၊ စာသင်ကျောင်းများ ပိတ်ထားခြင်းနှင့် အရန်တပ်ဖွဲ့ဝင်များကို ဆင့်ခေါ်ခြင်း စသည့် အစ္စရေးပြည်တွင်း လုံခြုံရေးတပ်ဖွဲ့ ၏ လက်ရှိ "အနီရောင်" အဆင့် ကန့်သတ်ချက်များအောက်တွင် စီးပွားရေး ဆုံးရှုံးမှုမှာ တစ်ပတ်လျှင် ၉.၄ ဘီလီယံ ရှီကယ် ရှိမည်ဟု ခန့်မှန်းထားပြီး၊ အဆိုပါ ဆုံးရှုံးမှုအများစုမှာ လာမည့်အပတ်မှစ၍ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။

ဝန်ကြီးဌာနကမူ အလုပ်ခွင်များအတွက် "အနီရောင်" ထက် ကန့်သတ်ချက် ပိုမိုနည်းပါးသည့် "လိမ္မော်ရောင်" - သို့မဟုတ် လှုပ်ရှားမှုအကန့်အသတ်ရှိသော အဆင့်သို့ ပြောင်းလဲရန် ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ကို တောင်းဆိုထားသည်။ ဤအခြေအနေမျိုးတွင်မူ စီးပွားရေးဆုံးရှုံးမှုမှာ တစ်ပတ်လျှင် ၄.၃ ဘီလီယံ ရှီကယ်သာ ရှိမည်ဖြစ်သည်။

အစ္စရေးနှင့် အမေရိကန်တို့သည် စနေနေ့တွင် အီရန်နိုင်ငံကို စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ၊ ယင်းက အစ္စရေးနှင့် အရှေ့အလယ်ပိုင်းတစ်လွှားတွင် လက်တုံ့ပြန်တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ပင်လယ်ကွေ့ဒေသမှ စွမ်းအင်တင်ပို့မှုများကိုပါ အနှောင့်အယှက်ဖြစ်စေခဲ့သည်။

အဆိုပါ စစ်ဆင်ရေးမှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း အမေရိကန်နှင့် အစ္စရေးအရာရှိများက ပြောကြားခဲ့သည်။

ယခုသတ္တပတ်အတွင်း အစ္စရေးရှိ စာသင်ကျောင်းများကို ပိတ်ထားသည်။ လူစုလူဝေးပြုလုပ်ခြင်းကို တားမြစ်ထားပြီး၊ အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းများမှလွဲ၍ အလုပ်ခွင် လှုပ်ရှားမှုများကို ပိတ်ပင်ထားကာ ဝန်ထမ်းအများစုမှာ အိမ်မှနေ၍ အလုပ်လုပ်ကိုင်နေကြရသည်။

ဟားမတ်စ်နှင့်ဖြစ်ပွားသော ဂါဇာစစ်ပွဲကြောင့် အတန်ငယ် ထိခိုက်မှုရှိခဲ့သော်လည်း အစ္စရေး၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေးအပြီးတွင် ၂၀၂၆ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းကျော်အထိ ရှိမည်ဟု ခန့်မှန်းထားခဲ့ခြင်း ဖြစ်သည်။

(၁ဒေါ်လာ = ၃.၀၇၃၃ ရှီကယ်)

image