ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသည်တင်ရေယာဥ်နှင့် မော်တော်ယာဥ်များ ပြေးဆွဲရာတွင် စက်သုံးဆီအခက်အခဲ မရှိဟု သိရ

ဧရာဝတီတိုင်းဒေသကြီးတွင် မော်တော်ယာဥ်အသုံးပြုသွားလာရာတွင်လည်းကောင်း၊ မြစ်၊ချောင်းများအတွင်း လိုင်းသင်္ဘော၊စက်လှေများစွာဖြင့် သွားလာလေ့ရှိကြောင်း၊ ယင်းသို့ ခရီးသည်တင်ရေယာဉ်နှင့် မော်တော်ယာဉ်များ ပြေးဆွဲရာတွင် စက်သုံးဆီအခက်အခဲမရှိဘဲ သွားလာလျက်ရှိကြောင်း သိရသည်။

" အခုထိတော့ ဘာမှထွေထွေထူးထူးညွှန်ကြားတာမရှိသလို ဘာမှလည်းထွေထွေထူးထူး အခက်အခဲမရှိဘူးလေ"ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိကရေကြောင်းလိုင်းများ စနစ်တကျ ပြေးဆွဲနိုင်ရေး ကြီးကြပ်မှုကော်မတီ၊ ဥက္ကဋ္ဌ ဦးတိုင်းအောင်က ပြောသည်။

"စက်လှေတွေ၊သင်္ဘောတွေက အရင်သူတို့ဝယ်နေကြဆိုင်တွေကနေ မောင်းဆီကိုတော့ မပြတ်စေရအောင် ပေးနေပါတယ်။ အပြင်က အမှာဆီတွေကတော့ အရင်ထက်စာရင်လျှော့ရောင်းပေးကြတာပေါ့၊ မောင်းဆီကိုတော့ အမြဲရောင်းပေးပါတယ်"ဟုဧရာဝတီတိုင်းဒေသကြီး၊ ပြည်တွင်းရေကြောင်းသွား ရေယာဥ်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလင်းက ဆိုသည်။

ထို့ပြင် ခရီးသည်တင်မော်တော်ယာဥ်များအတွက်လည်း ဆီအလုံအလောက် ရောင်းချ ပေးနေကြောင်းကို ပုသိမ်ငွေဆောင်၊ရွှေတိုးယာဥ်လိုင်းမှ ကားဆရာက "ကျွန်တော်နေ့တိုင်း ၁သိန်းဖိုးထည့်ရတယ်။အခုလဲ ဆိုင်မှာဝင်ဖြည့်လာတာ ဘာမှအခက်အခဲမရှိပါဘူး" ဟု ပြောကြားခဲ့သည်။

သို့သော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆိုင်အချို့တွင် ပီပါရောင်းချမှုကို လျှောချလိုက်သည့်အတွက် ရေလုပ်ငန်းရှင်များအတွက် ပင်လယ်ပြင်ထွက်ငါးဖမ်းရာသီမှာ ငါးမဖမ်းရတာကြောင့် အခက်အခဲတစ်ချို့ ရှိနေကြောင်း ရေလုပ်ငန်းရှင်များက ပေါ်ပျူလာနယူးစ်သို့ ပြောသည်။

image