ဝုဗ်နှင့် အက်ဖ်အေဖလားပွဲတွင် ဖလိုရီယန်ဝါ့ဇ် ပါဝင်လာနိုင်ကြောင်း အန်းဆလော့ အတည်ပြုလာ
====================
လီဗာပူးနည်းပြအန်းဆလော့က ဖလိုရီယန်ဝါ့ဇ်မှာ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းလာနိုင်မှုနှင့်အတူ သောကြာနေ့ညတွင် ဝုဗ်နှင့် ရင်ဆိုင်ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်တွင် မိနစ်အနည်းငယ်ပါဝင်ကစားလာနိုင်ကြောင်း အတည်ပြုလာပါတယ်။

ဂျာမန်စတားဟာ ကျောဒဏ်ရာကြောင့် လီဗာပူးရဲ့ နောက်ဆုံး ၃ ပွဲကို လွဲချော်လာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဆလော့က "မနေ့က အသင်းနဲ့အတူ တစ်ဝက်စီ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့တယ်။ ပြောရရင် ပြန်လည်ထူထောင်ရေး နောက်တစ်ဆင့်သို့ တက်လှမ်းလာပါပြီ။ ဒီကနေ့ သူ့အခြေအနေကို ကြည့်မယ်။ မနက်ဖြန်ပွဲမှာ မိနစ်အနည်းငယ် ပါဝင်ကစားလာနိုင်မလား ကြည့်ရပါမယ်"လို့ ပြောကြားသွားပါတယ်။

လေဗာကူဆင်ကစားသမားဟောင်းဟာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တုန်းက နော်တင်ဟမ်ဖောရက်စ်နှင့် ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိပြီးနောက် အနားယူလာခဲ့ရတာပါ။

ယခုကဲ့သို့ ဖလိုရီယန်ဝါ့ဇ် ပြန်လည် ကစားလာနိုင်မှုက ဝုဗ်နှင့် ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားပဥ္စမပွဲစဉ်အတွက် လီဗာပူးတိုက်စစ်အတွက် သတင်းကောင်း ဖြစ်နေပါတယ်။

လီဗာပူးဟာ ယခုအပတ်အစောပိုင်းတုန်းက ဝုဗ်အား ၂-၁ ဖြင့် ရှုံးနိမ့်ထားပါတယ်။

တဖက်တွင် အန်းဆလော့ဟာ လီဗာပူးရဲ့ တိုက်စစ်အား ကောင်းမွန်ခြင်း မရှိမှုအတွက် ကိုဒီဂတ်ပိုနှင့် မိုဟာမက်ဆာလက်တို့အား ဝေဖန်နေမှုများအပေါ်တွင်လည်း ကာကွယ် ပြောဆိုမှု ပြုလုပ်သွားပါတယ်။

ဆလော့က "တိုက်စစ်မှာ ဖန်တီးမှု ပြုလုပ်တာက ဖလိုရီယန်ဝါ့ဇ်ပါ။ သူ လွန်ခဲ့တဲ့သုံးပွဲမတိုင်မီ ဒဏ်ရာရခဲ့တယ်။ အဲဒီမတိုင်ခင်တုန်းက အသင်းက ဟန်ချက်ညီနေခဲ့တယ်။ သူ ဒဏ်ရာရသွားတော့ အံဝင်အောင် ထပ်ညှိရတယ်။ ဒီရာသီမှာ ဒါအမျိုးအများကြီး ဖြစ်ပျက်ထားပါတယ်။ ပွဲတိုင်း ကျွန်တော်တို့ အခွင့်အရေးဖန်တီးမှုအပိုင်း တိုးတက်မနေပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ တစ်သင်းတည်းပဲ အခွင့်အရေး ဖန်တီးဖို့ ရုန်းကန်နေရတာ မဟုတ်ပါဘူး။ ဒါက လိဂ်ရဲ့ အရည်အသွေးပါ။ ဒါကြောင့်လည်း ပိုပြီးတော့ ရှုပ်ထွေးစေပါတယ်"လို့ ပြောကြားသွားပါတယ်။

image