အီရန်၏ ဒုံးကျည်တွက်ချက်မှု - ဒေါ်လာ ၂၀,၀၀၀ တန် ဒရုန်းများကို ဒေါ်လာ ၄ သန်းတန် ပက်ထရီးယော့(Patriots) များဖြင့် ပစ်ချနေရ

အီရန်စစ်ပွဲ စတင်ပြီး သုံးရက်အကြာမှာပင် နှစ်ဖက်အထိအခိုက်များသော အားပြိုင်စစ်ပွဲ (Attritional war) ဖြစ်လာခဲ့သည်။ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ လှိုင်းလုံးသဖွယ် ဒရုန်းတိုက်ခိုက်မှုများသည် ဘာရိန်းမှသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အထိရှိသော အမေရိကန်နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများ၏ ကာကွယ်ရေးစနစ်များကို ဖိအားပေးနေပြီး လက်နက်သိုလှောင်မှုများကို လျော့ပါးစေလျက်ရှိသည်။ ဤတိုက်ပွဲ၏ ရလဒ်သည် မည်သည့်ဘက်က ခဲယမ်းမီးကျောက် အရင်ကုန်ဆုံးမည်နည်းဆိုသည့်အချက်ပေါ်တွင် မူတည်နေနိုင်ပါသည်။

အသေးစားနှင့် အခြေခံအဆင့် ခရုစ်ဒုံးကျည်(Cruise missile) အမျိုးအစားဖြစ်သော ရှာဟတ်-၁၃၆(Shahed-136) တစ်ကျော့ပြန်တိုက်ခိုက်ရေးဒရုန်းများသည် တနင်္လာနေ့တွင် အရှေ့အလယ်ပိုင်းတစ်လွှားရှိ ပစ်မှတ်များကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ စနေနေ့တွင် စတင်ခဲ့သော အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ (ခရုစ်ဒုံးကျည်များ၊ ဒရုန်းများနှင့် တိကျသေချာသော လမ်းညွှန်ဗုံးများဖြင့် ပစ်ခတ်မှု) နောက်ပိုင်းတွင် အဆိုပါဒရုန်းများသည် အမေရိကန်အခြေစိုက်စခန်းများ၊ ရေနံအခြေခံအဆောက်အအုံများနှင့် အရပ်ဘက်အဆောက်အအုံများကို ထိမှန်ခဲ့သည်။

အမေရိကန်ထုတ် ပက်ထရီးယော့ (Patriot) လေကြောင်းကာကွယ်ရေးဒုံးကျည်များသည် အီရန်၏ ရှာဟတ်ဒရုန်းများနှင့် အခြားသော ဘောလစ်စတစ်ဒုံးကျည်များကို ဟန့်တားရာတွင် ၉၀% ကျော်အထိ အောင်မြင်မှုရှိကြောင်း UAE ၏ ပြောကြားချက်အရ သိရသည်။ သို့သော် ဒေါ်လာ ၂၀,၀၀၀ တန် ဒရုန်းများကို ဖျက်ဆီးရန် ဒေါ်လာ ၄ သန်းတန် ဒုံးကျည်များကို အသုံးပြုနေရခြင်းမှာ ယူကရိန်းစစ်ပွဲအစောပိုင်းကတည်းက အနောက်နိုင်ငံစစ်ဘက်ဆိုင်ရာ စီမံကိန်းရေးဆွဲသူများကို ခြောက်လှန့်နေသည့် ပြဿနာတစ်ခုကို မီးမောင်းထိုးပြနေသည် - ၎င်းမှာ "စျေးပေါသောလက်နက်များက ပိုမိုရှုပ်ထွေးသော ခြိမ်းခြောက်မှုများအတွက် ရည်ရွယ်ထားသည့် အရင်းအမြစ်များကို ဝါးမျိုဖျက်ဆီးပစ်နိုင်ခြင်း" ပင် ဖြစ်သည်။

ရလဒ်အနေဖြင့် အီရန်နှင့် အမေရိကန် နှစ်ဖက်စလုံးသည် ရက်ပိုင်း သို့မဟုတ် သီတင်းပတ်အနည်းငယ်အတွင်း လက်နက်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ပါသည်။ မည်သူက ပိုမိုကြာရှည်ခံနိုင်မည်နည်းဆိုသည့်အချက်က ကြီးမားသော အသာစီးရမှုကို ရရှိစေမည်ဖြစ်သည်။

ဂါဇာစစ်ပွဲကြောင့် အီရန်၏ ဒေသတွင်းလက်ဝေခံအဖွဲ့များမှာ အလွန်အားနည်းသွားခဲ့ပြီး၊ ဇွန်လအတွင်းက ၁၂ ရက်ကြာဖြစ်ပွားခဲ့သော စစ်ပွဲတွင် အစ္စရေး-အမေရိကန်တို့၏ တိုက်ခိုက်မှုကြောင့် အီရန်၏ ဒုံးကျည်စွမ်းဆောင်ရည်များမှာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။ ထိုအချိန်မှစ၍ အီရန်သည် ထရမ့်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် ပေးဆပ်ရမည့်စရိတ်စကများအပေါ် သတိပေးချက်များကို အရှိန်မြှင့်တင်ရန် အလေးပေးခဲ့သည်၊ အကြောင်းမှာ ထရမ့်၏ ထောက်ခံသူများသည် ရှုပ်ထွေးပြီး ကြာရှည်သောစစ်ပွဲများကို ယေဘုယျအားဖြင့် ဆန့်ကျင်ကြသည်ကို သိရှိထားသောကြောင့်ဖြစ်သည်။ စနေနေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သော အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီက အမေရိကန်၏ တိုက်ခိုက်မှုသည် ဒေသတစ်ခုလုံးကို လွှမ်းခြုံသွားမည့် ပိုမိုကျယ်ပြန့်သော စစ်မီးတောက်ကို ဖြစ်စေလိမ့်မည်ဟု သတိပေးခဲ့ဖူးသည်။

"အီရန်ရဲ့ ရှုထောင့်ကကြည့်ရင် အင်အားချည့်နဲ့အောင်လုပ်တဲ့ ဗျူဟာက စစ်ဆင်ရေးအရ အဓိပ္ပာယ်ရှိပါတယ်" ဟု Stimson Center အကြံပေးအဖွဲ့မှ အကြီးတန်းသုတေသနအရာရှိ Kelly Grieco က ပြောကြားသည်။ "ကာကွယ်ရေးဘက်ကလူတွေဟာ သူတို့ရဲ့ ကြားဖြတ်ဒုံးကျည်တွေကို အကုန်အစင် သုံးစွဲသွားရလိမ့်မယ်လို့ အီရန်က တွက်ချက်ထားတာပါ။ အဲဒီအခါ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ နိုင်ငံရေးအရ တောင့်ခံနိုင်စွမ်းဟာ ပြိုကွဲသွားပြီး အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေ မကုန်ခင်မှာပဲ အမေရိကန်နဲ့ အစ္စရေးတို့ကို စစ်ဆင်ရေးတွေ ရပ်တန့်ဖို့ ဖိအားပေးလာလိမ့်မယ်လို့ သူတို့က ယူဆထားကြပါတယ်"

Bloomberg News က မြင်တွေ့ခဲ့ရသည့် အတွင်းပိုင်းဆန်းစစ်ချက်တစ်ခုအရ ကာတာနိုင်ငံ၏ ပက်ထရီးယော့ (Patriot) ကြားဖြတ်ဒုံးကျည် လက်ကျန်ပမာဏသည် လက်ရှိအသုံးပြုနေသည့်နှုန်းအတိုင်းဆိုလျှင် ၄ ရက်သာ ခံတော့မည်ဖြစ်သည်။ ထို့ကြောင့် ကာတာအစိုးရသည် ပဋိပက္ခကို အမြန်ဆုံး အဆုံးသတ်ရန် သီးသန့်တိုက်တွန်းလျက်ရှိသည်။

ပြီးခဲ့သည့်နှစ် အစ္စရေးနှင့် ပဋိပက္ခဖြစ်ပွားပြီးနောက် အီရန်တွင် ဘောလစ်စတစ်ဒုံးကျည် ၂,၀၀၀ ခန့် ကျန်ရှိနေသေးသည်ဟု ခန့်မှန်းရသည်။ သို့သော် ရှာဟတ် ဒရုန်းအရေအတွက်မှာမူ ထိုထက် များစွာပိုနိုင်ကြောင်း Bloomberg Economics မှ Becca Wasser က ဆိုသည်။ ၎င်းဒရုန်းများကို အဓိကထုတ်လုပ်သည့် ရုရှားနိုင်ငံသည်ပင် တစ်ရက်လျှင် ရာနှင့်ချီ၍ ထုတ်လုပ်နိုင်စွမ်းရှိသည်။

ယခုနှစ်ပဋိပက္ခ စတင်ကတည်းက တီဟီရန်သည် လက်နက်ပေါင်း ၁,၂၀၀ ကျော် ပစ်ခတ်ခဲ့ပြီးဖြစ်ရာ အများစုမှာ ရှာဟတ်ဒရုန်းများ ဖြစ်နိုင်ခြေရှိသည်။ ယင်းက အီရန်အနေဖြင့် ပိုမိုအဖျက်စွမ်းအားပြင်းသော ဘောလစ်စတစ်ဒုံးကျည်များကို ရေရှည်တိုက်ခိုက်မှုများအတွက် ချန်ထားခြင်းဖြစ်နိုင်ကြောင်း Wasser က ထပ်လောင်းပြောကြားသည်။

အစ္စရေးလုံခြုံရေးဝန်ကြီးအဖွဲ့ဝင် Eli Cohen ကမူ အမေရိကန်-အစ္စရေးတို့၏ စစ်ဆင်ရေးများကြောင့် အီရန်၏ ဒရုန်းနှင့် ဒုံးကျည် ရာနှင့်ချီ၍ ပစ်ခတ်မည့်အစီအစဉ်ကို တားဆီးနိုင်ခဲ့ကြောင်း ပြောသည်။ တနင်္လာနေ့အထိ အီရန်၏ ဒုံးကျည်ပစ်စင် ၁၅၀ ခန့်ကို ဖျက်ဆီးနိုင်ခဲ့သည်ဟု အစ္စရေးက ဆိုသည်။

ယခုအခြေအနေအရ စစ်ပွဲသည် လက်နက်အရေအတွက် အသာစီးရမှုထက် မည်သူက ပိုမိုကြာရှည် ခံနိုင်ရည်ရှိမည်နည်း ဆိုသည့်အချက်ပေါ်သို့ ဦးတည်နေကြောင်း တွေ့ရှိရသည်။

image