အီရန်နှင့် ဖြစ်ပွားနေသော အမေရိကန်-အစ္စရေးစစ်ပွဲကြောင့် အာရှစတော့စျေးကွက်များ ထိုးဆင်းသွားပြီး ရေနံစျေးနှုန်း သုံးရက်ဆက်တိုက် မြင့်တက်လာ
ဗုဒ္ဓဟူးနေ့တွင် အာရှစတော့စျေးကွက်များသည် သုံးရက်ဆက်တိုက် ကျဆင်းခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံသူများက အီရန်နှင့် ဖြစ်ပွားနေသော အမေရိကန်-အစ္စရေး စစ်ပွဲအခြေအနေများကို စောင့်ကြည့်နေကြစဉ် ရေနံစျေးနှုန်းများမှာလည်း မြင့်တက်လာခဲ့သည်။
တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့၏ ရှယ်ယာအညွှန်းကိန်းများသည် ၈ ရာခိုင်နှုန်းကျော်အထိ ထိုးဆင်းသွားခဲ့ပြီးနောက် အလန့်တကြား ရောင်းချမှုများကို ထိန်းချုပ်ရန် ရည်ရွယ်သည့် "Circuit Breakers" စနစ်ကြောင့် အရောင်းအဝယ်များကို ယာယီရပ်ဆိုင်းခဲ့ရသည်။
ဘရန့် (Brent) ရေနံစိမ်းစျေးနှုန်းမှာ လွန်ခဲ့သည့် နှစ်ရက်အတွင်း အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့ပြီးနောက် အာရှမွန်းလွဲပိုင်း အရောင်းအဝယ်တွင် ၂.၈ ရာခိုင်နှုန်းခန့် ထပ်မံမြင့်တက်ခဲ့သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဘဏ္ဍာရေးစျေးကွက်များမှာ လှုပ်ခတ်သွားခဲ့ပြီး အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အနီးရှိ သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ယခုအပတ်အတွင်း ကမ္ဘာ့စွမ်းအင်စျေးနှုန်းများမှာ ထိုးတက်သွားခဲ့သည်။
တောင်ကိုရီးယား၏ အဓိကအညွှန်းကိန်းဖြစ်သော Kospi သည် ၁၂ ရာခိုင်နှုန်းကျဆင်းကာ ဈေးပိတ်ခဲ့ပြီး၊ ဂျပန်နိုင်ငံ၏ Nikkei 225 မှာ ၃.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ မွန်းလွဲပိုင်း အရောင်းအဝယ်တွင် ဟောင်ကောင်၏ Hang Seng အညွှန်းကိန်းသည် ၂.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ တရုတ်ပြည်မကြီး၏ Shanghai Composite မှာ ၀.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံခန့်သည် အီရန်နှင့် ယူအေအီး (UAE) ကြားရှိ ဟော်မုဇ်ရေလက်ကြား ကျဉ်းမြောင်းသော ရေလမ်းကြောင်းမှတစ်ဆင့် စီးဆင်းလေ့ရှိသော်လည်း၊ သင်္ဘောများကို "မီးရှို့ပစ်မည်" ဟူသော အီရန်၏ ခြိမ်းခြောက်မှုများကြောင့် အသွားအလာမှာ လုံးဝနီးပါး ရပ်ဆိုင်းသွားခဲ့သည်။
အင်္ဂါနေ့တွင် သမ္မတ ဒေါ်နယ်ထရန့်က စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်ပြတ်လပ်မှုကို တားဆီးရန်အတွက် "လိုအပ်ပါက" အမေရိကန် ရေတပ်က ဒေသတွင်းရှိ သင်္ဘောများကို အကာအကွယ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ ဝါရှင်တန်အနေဖြင့် ကမ္ဘာသို့ "စွမ်းအင်များ လွတ်လပ်စွာ စီးဆင်းနိုင်စေရန်" အတွက် ဒေသတွင်းရှိ သင်္ဘောကုမ္ပဏီအားလုံးကို "သင့်တင့်သော စျေးနှုန်း" ဖြင့် စွန့်စားရမှု အာမခံ (Risk Insurance) ပေးသွားမည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးကတည်းက စတော့စျေးကွက်များမှာ ပြင်းထန်စွာ ကျဆင်းခဲ့ခြင်းဖြစ်သည်။ အာရှနိုင်ငံအများစုသည် အရှေ့အလယ်ပိုင်းမှ စွမ်းအင်များကို ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် အမြောက်အမြား တင်သွင်းနေရသဖြင့် အထိနာဆုံးဖြစ်ခဲ့ရသည်။
ပို့ကုန်အပေါ် မှီခိုနေရသည့် တောင်ကိုရီးယားနှင့် ဂျပန်ကဲ့သို့သော နိုင်ငံများသည်လည်း ပို့ကုန်တင်ပို့မှုများကို အန္တရာယ်ဖြစ်စေသည့် ပထဝီဝင်နိုင်ငံရေး ရိုက်ခတ်မှုများကြောင့် ရှယ်ယာစျေးများ ကျဆင်းခဲ့သည်။ တောင်ကိုရီးယား၏ Kospi သည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးနေ့တစ်နေ့ကို ကြုံတွေ့ခဲ့ရပြီး၊ အလန့်တကြား ရောင်းချမှုများကို ထိန်းချုပ်ရန် နံနက်ပိုင်းတွင် ၂၀ မိနစ်ကြာ အရောင်းအဝယ်များ အလိုအလျောက် ရပ်ဆိုင်းခဲ့ရသည်။ ဤ Circuit Breaker စနစ်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်အသုံးပြုခဲ့ခြင်း ဖြစ်သည်။
China Macro Group မှ သုတေသီ Jack Lee က Kospi ကျဆင်းမှုသည် ပဋိပက္ခကြောင့် စျေးကွက်ယုံကြည်မှု မည်မျှအထိ "ပျက်စီးလွယ်" ကြောင်း ထင်ဟပ်နေသည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှာမူ ရုရှားထံမှ ရေနံရရှိခြင်းကဲ့သို့သော အခြားစွမ်းအင်အရင်းအမြစ်များ ရှိနေသောကြောင့် ဘဏ္ဍာရေးစျေးကွက် ရိုက်ခတ်မှုမှာ အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးသည်။
သို့သော်လည်း စစ်ပွဲမှာ ငါးရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သောကြောင့် ဤပဋိပက္ခမှာ ရေရှည်စစ်ပွဲအဖြစ် ပြောင်းလဲသွားနိုင်သည့် အခြေအနေကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်နေကြသည်။
အခြားနိုင်ငံတကာ စျေးကွက်များတွင်လည်း ဗြိတိန်၏ FTSE 100 မှာ ၂.၇၅ ရာခိုင်နှုန်း ကျဆင်းကာ ဈေးပိတ်ခဲ့ပြီး၊ ဂျာမနီနှင့် ပြင်သစ်၏ အဓိကအညွှန်းကိန်းများသည် ၃.၄ ရာခိုင်နှုန်းကျော်စီ ကျဆင်းခဲ့သည်။ အမေရိကန်တွင် S&P 500 အညွှန်းကိန်းသည် အဖွင့်တွင် သိသိသာသာ ကျဆင်းခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ဦးမော့လာကာ ၁ ရာခိုင်နှုန်းနီးပါး ကျဆင်းလျက်ဖြင့် ဈေးပိတ်ခဲ့သည်။