မတ်လအတွင်း ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သေတ္တာတင်သင်္ဘော ၆၀ နီးပါး ဝင်ရောက်မည်
မတ်လအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ ကုန်သေတ္တာတင်ပင်လယ်ကူးသင်္ဘော စုစုပေါင်း ၆၀ နီးပါး ဝင်ရောက်လာရန် စီစဉ်ထားကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။
ဝင်ရောက်မည့်သင်္ဘောများအနက် M/S COCCO SHIPPING LINE မှ သင်္ဘော ၁၃ စင်းဖြင့် အများဆုံးပါဝင်မည်ဖြစ်ပြီး M/S MAERSK A/S နှင့် M/S SITC CONTAINER LINE တို့မှ ခုနစ်စင်းစီ ဝင်ရောက်မည်ဟု သိရသည်။
ထို့အပြင် M/S ONE နှင့် M/S SAMUDERA SHIPPING တို့မှ ခြောက်စင်းစီ ပါဝင်မည်ဖြစ်ပြီး အခြားလိုင်းများမှလည်း သင်္ဘောအချို့ ဝင်ရောက်လာမည်ဖြစ်သည်။
ယခင်လများအတွင်းတွင်လည်း ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သေတ္တာတင်သင်္ဘောများ ဆက်တိုက် ဝင်ရောက်လျက်ရှိပြီး ဖေဖော်ဝါရီလတွင် ၅၃ စင်း၊ ဇန်နဝါရီလတွင် ၆၂ စင်း ဝင်ရောက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ဝင်ရောက်လာသော သင်္ဘောများမှ ဆောက်လုပ်ရေးသုံးကုန်ကြမ်းများနှင့် အထည်အလိပ်လုပ်ငန်းသုံး ကုန်ကြမ်းများကို အများအားဖြင့် တင်သွင်းလျက်ရှိပြီး ပြန်လည်တင်ပို့မှုအဖြစ် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်နှင့် သစ်တောထွက်ကုန်များကို ပို့ဆောင်လေ့ရှိကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် နိုင်ငံတကာသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား ၂၇ စင်းရှိပြီး ရန်ကုန်-သီလဝါ ဆိပ်ကမ်းဧရိယာအပါအဝင် စုစုပေါင်း ၄၆ စင်းဖြင့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။
ဆိပ်ကမ်းတာဝန်ရှိသူများအနေဖြင့် ပို့ကုန်တိုးမြှင့်နိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ ပိုမိုတိုးချဲ့တင်သွင်းနိုင်ရေးအတွက် သင်္ဘောလိုင်းခရီးစဉ်များကို ဆက်လက်တိုးချဲ့ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။