နိုင်ငံအတွင်း စက်သုံးဆီဖူလုံမှုရှိပြီး ပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်း စွမ်းအင်ဝန်​ကြီးဌာန အသိပေး

အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော စစ်ရေးပဋိပက္ခအခြေအနေများကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီတင်သွင်းမှုလမ်းကြောင်းများတွင် အခက်အခဲများ ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံအတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာန က မတ်လ ၄ ရက်နေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသို့ တင်သွင်းနေသော စက်သုံးဆီများမှာ ထိုင်းနိုင်ငံမှ မဟုတ်ဘဲ စင်္ကာပူနှင့် မလေးရှားနိုင်ငံများမှ ပင်လယ်ရေကြောင်းဖြင့် အဓိကတင်သွင်းနေခြင်းဖြစ်ပြီး စက်သုံးဆီဖြည့်ဆည်းမှုကွင်းဆက် (Supply Chain) တစ်လျှောက်တွင် အခက်အခဲများ မဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံအတွင်း စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် ရက်ပေါင်း ၄၀ ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီးဖြစ်ကာ သီလဝါမှ နိုင်ငံတစ်ဝှမ်းသို့ ဆီတင်ယာဉ်များဖြင့် ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကြိုတင်စီမံထားသည့် အစီအစဉ်အရ သီလဝါဆိပ်ကမ်းတွင် သင်္ဘော ၂ စီး ရောက်ရှိနေပြီး လမ်းခရီးတွင် သင်္ဘော ၆ စီးရှိကာ ဆီတင်ရန် စောင့်ဆိုင်းနေသည့် သင်္ဘော ၈ စီးလည်း ရှိနေကြောင်း သိရသည်။

ပြည်ပမှ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ရောက်ရှိစေရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိပြီး အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ဖြေရှင်းနိုင်ရန် နည်းလမ်းများကိုလည်း ချိတ်ဆက်စီမံထားရှိကြောင်း ဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ဟု စိုးရိမ်ကြောင့်ကြမှု မဖြစ်စေရန်နှင့် တရားဝင်ထုတ်ပြန်ထားသည့် သတင်းအချက်အလက်များကိုသာ ယုံကြည်ကြရန် တိုက်တွန်းထားသည်။

ထို့အပြင် တရားမဝင်ကောလာဟလသတင်းများကို မယုံကြည်ကြရန်နှင့် မလိုအပ်ဘဲ စက်သုံးဆီ ဝယ်ယူသိုလှောင်ခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

သီလဝါရှိ Terminal များတွင် စက်သုံးဆီတင်သင်္ဘောများ ဝင်ရောက်လျက်ရှိစဥ်။
ဓာတ်ပုံ- စွမ်းအင်ဝန်ကြီးဌာန

image