ပရီးမီးယားလိဂ်တွင် ဖျော်ဖြေမှုအသားပေးကစားဟန်ဖြင့် ကစားရန် မဖြစ်နိုင်ကြောင်း အာတီတာ တုံ့ပြန်လာ
=====================
မီခေးလ်အာတီတာက ပရီးမီးယားလိဂ်တွင် ဖျော်ဖြေမှုအသားပေး အလှအပ ကစားဟန်ဖြင့် ကစားရန် မဖြစ်နိုင်ကြောင်း ပြောကြားကာ အလွတ်တည်ကန်ဘောအား အလွန်အကျွံအသုံးပြုမှုကြောင့် ဘောလုံးပွဲရသပျောက်ဆုံးစေတယ်လို့ ဝေဖန်လာမှုအပေါ် တုံ့ပြန်ပြောဆိုလာပါတယ်။

အာတီတာဟာ ယခုရာသီတွင် အလွတ်တည်ကန်ဘောမှ တဆင့် သွင်းဂိုး ၂၄ ဂိုးအထိ ရရှိမှုအပေါ် အပြင်းအထန် ဝေဖန်မှုများနှင့် ကြုံရပြီးနောက် ပြန်လည် တုံ့ပြန် ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြက ပရိသတ်များအတွက် ဖျော်ဖြေမှု ပေးနိုင်မယ့် ကစားဟန်ဖြင့် ကစားနိုင်ရန်အတွက် စည်းမျဉ်းများကို ပြောင်းရန် လိုအပ်ကြောင်းလည်း ဆိုသွားပါတယ်။

ယနေ့ညတွင် အာဆင်နယ်နှင့် ရင်ဆိုင်ကစားရမယ့် ဘရိုက်တန်နည်းပြဖေဘီယန်ဟာဇီလာက ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်မှာ ထောင့်ကန်ဘောများဖြင့် အချိန်ကုန်ဆုံးနေကာ ပွဲလာကြည့်တဲ့ ပရိသတ်များရဲ့ ငွေများ အဟလသ ဖြစ်အောင် လုပ်နေကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အာတီတာက "ဘောလုံးပွဲကောင်း ကြည့်ချင်ရင် အခြားနိုင်ငံသွားကြည့်ကြပါ။ ပရီးမီးယားလိဂ်မှာ ဒါက မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်ရာသီ သုံးရာသီကတည်းကပေါ့။ ကွဲပြားတဲ့ ပွဲမြင်ချင်ရင် စည်းမျဉ်းတွေ ပြောင်းဖို့ လိုတယ်။ ဖျော်ဖြေမှုအသားပေးကစားဖို့ နောက်တန်းအစွန်လူကို ကွင်းလယ်သို့ ပို့တာ ဒါမှမဟုတ် False Nine သုံးဖို့ လိုတယ်။ လွန်ခဲ့တဲ့လေးနှစ်တုန်းကဆို လုံးဝ ကွဲပြားတဲ့ပွဲပါ"လို့ ဆိုသွားပါတယ်။

အာဆင်နယ်ဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ်တွင် ထောင့်ကန်ဘော၊ ဖရီးကစ်၊ လက်ပစ်ဘောတို့မှ တဆင့် သွင်းဂိုး ၃၂ ဂိုးအထိ သွင်းထားပါတယ်။

တနင်္ဂနွေနေ့တုန်းက အာဆင်နယ်က ချဲလ်ဆီးကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှ ဂိုး ၃ ဂိုးလုံးမှ ထောင့်ကန်ဘောမှ တဆင့် ရရှိခဲ့တာပါ။

image