Dagenham & Redbridge အသင်းတွင် ရင်းနှီးမြှပ်နှံလာတဲ့ KSI
====================
YouTuber တစ်ဦးဖြစ်တဲ့ KSI ဟာ ဆဌမတန်းကလပ် Dagenham & Redbridge တွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာပါတယ်။

Dagenham & Redbridge ဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် တောင်ပိုင်းနေးရှင်းလိဂ်သို့ တန်းဆင်းခဲ့ရတဲ့အသင်း ဖြစ်ပြီး ယခုရာသီတွင် ရမှတ် ၄၉ မှတ်ဖြင့် အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

ဒါ့အပြင် Dagenham & Redbridge က အသင်းတွင် ကာလရှည်ကြာ တာဝန်ထမ်းဆောင်လာတဲ့ စီမံခန့်ခွဲရေးဒါရိုက်တာစတီဖင်သွမ်ဆင်မှာ မတ်လအကုန်တွင် ဘုတ်အဖွဲ့မှ နုတ်ထွက်သွားမယ်လို့လည်း ကြေညာသွားပါတယ်။

Dagenham & Redbridge အသင်းရဲ့ ရှယ်ယာအချို့ကို ဝယ်ယူရင်းနှီးမြှပ်နှံမှု ပြုလုပ်ပြီးနောက် KSI က "ဒီခရီးကို စတင်ရဖို့ အရမ်း စိတ်လှုပ်ရှားနေပါပြီ။ တက်လိုက် ကျလိုက်တွေ ကြုံရမှာ သေချာတယ်။ ဒါပေမယ့် Dagenham & Redbridge ကို အောင်မြင်တဲ့ နေ့ရက်တွေ ကြုံလာဖို့ မျှော်လင့်နေတယ်။ တချိန် လိုချင်တဲ့ နေရာသို့ ရောက်လာတဲ့အခါ နောက်ထပ် ပိုကောင်းတဲ့ ရည်မှန်းချက်တွေနဲ့ သွားချင်တယ်။ ပရီးမီးယားလိဂ်သို့ တက်ရေးကတော့ အိပ်မက်တစ်ခုပေါ့။ ၁၀၀ ရာခိုင်နှုန်း ဖြစ်လာမယ်လို့လည်း ယုံကြည်တယ်။ အချိန်တော့ အများကြီး ယူရမယ်။ ဒီတော့ Daggers ပရိသတ်များ စိတ်ရှည်ပေးကြပါလို့" လို့ ပြောကြားသွားပါတယ်။

KSI ဟာ ဂီတသမားတစ်ဦးဖြစ်သလို လက်ဝှေ့သမားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် သူဟာ Britain's Got Talent တွင် ဆိုင်မွန်ကိုဝဲလ်၊ အမန်ဒါဟိုလ်ဒန်၊ အလီရှာဒီဇွန်တို့နှင့်အတူ ဒိုင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

Dagenham & Redbridge ကို ၁၉၉၂ ခုနှစ်တွင် Dagenham နှင့် Redbridge Forest တို့ကို ပူးပေါင်းကာ ကလပ်တစ်ခုတည်းအဖြစ် တည်ထောင်ခဲ့တာ ဖြစ်ပြီး ၂၀၀၉-၁၀ ရာသီတုန်းက ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် လိဂ် ၁ သို့ တန်းတက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ၎င်းတို့ဟာ နောက်တစ်ရာသီမှာ တန်းပြန်ဆင်းခဲ့ရပါတယ်။

Dagenham & Redbridge မှာ လီဗာပူးနှင့် နယူးကာဆယ်တိုက်စစ်မှူးဟောင်းအင်ဒီကာရိုးလ် ကစားနေပါတယ်။

image