ကိုကင်းစွဲမှုကြောင့် အိမ်ထောင်ရေးပျက်စီးခဲ့ရတဲ့အပြင် ပြဿနာပေါင်းစုံကြုံခဲ့ကြောင်း နယူးကာဆယ်စတားဟောင်းဖွင့်ဟလာ
======================
ဒါရယ်ဂျန်မက်က ကိုကင်းစွဲမှုကြောင့် အိမ်ထောင်‌ရေး ပျက်စီးခဲ့ရကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

နယူးကာဆယ်စတားဟောင်းဟာ ၂၀၂၂ ခုနှစ်တုန်းက ဒတ်ချ်ကလပ် ADO Den Haag တွင် ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်ရှိ ဂျန်မက်ဟာ ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ပရီးမီးယားလိဂ်တွင် ၆ ရာသီကြာ ကစားခဲ့သူ ဖြစ်ပါတယ်။

သူဟာ ဖီယင်နုမှ ပြောင်းလာပြီးနောက် နယူးကာဆယ်တွင် ၂ ရာသီ ကစားခဲ့သလို ဝက်ဖို့ဒ်တွင်လည်း ကစားခဲ့ပါတယ်။

သူဟာ ကစားသမားဘဝမှ အနားယူပြီးနောက် နောက်ဆုံးကလပ် ADO Den Haag တွင်ပင် နည်းစနစ်ပိုင်းမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှ အနားယူပြီးနောက်ပိုင်းမှာတော့ ကိုကင်းစွဲလမ်းက ဆိုးရွားတဲ့ ပြဿနာများ ကြုံလာရပါတော့တယ်။

ဂျန်မက်က "ကျွန်တော့်မှာ ဒီအကြောင်းတွေကို ကြားဖူးပြီးသား ဖတ်ဖူးပြီးသား ကလေး ၃ ဦး ရှိပါတယ်။ အသေးစိတ်တော့ မပြောလိုတော့ပါဘူး။ ဒါပေမယ့် ကိုကင်းစွဲမှုက ပြဿနာအများကြီး ဖြစ်စေတယ်။ လူတိုင်းဆီက အကူအညီ ရယူရမှာ ဖြစ်ပေမယ့် ကိုယ့်ဘာသာကိုယ်ပဲ ရုန်းကန်ခဲ့မိတယ်။ ဒါက ဘာမှ မဟုတ်ပါဘူး။ ဘောလုံးသမားအဖြစ် နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့ပြီးတဲ့နောက် အနားယူလိုက်တဲ့အချိန်မှာ ပုံစံ ပျက်သွားတယ်။ အရမ်းခက်ခဲတယ်။ ကိုကင်းစွဲလမ်းမှုက တဖြည်းဖြည်းတိုးဝင်လာတယ်။ ကိုယ်ချစ်တဲ့သူတွေကို လိမ်တတ်လာတယ်။ ဆိုးရွားလှပါတယ်။ လူတွေအများကြီး နာကျင်စေခဲ့မိတယ်။ အားလုံးပျောက်ကွယ်သွားချိန်မှာ ADO မှာ နည်းစနစ်မန်နေဂျာအနေနဲ့ လုံးဝ အဆင်မပြေလာသလို ခံစားရတယ်။ အရာအားလုံးက မှားယွင်းနေခဲ့ပြီးသား ဖြစ်နေပါတယ်"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် ဂျန်မက်က ကိုကင်းစွဲလမ်းမှုကြောင့် ဇနီးသည်ယိုရှီနှင့် ဆက်ဆံရေးအပေါ် အကြီးအကျယ် ရိုက်ခတ်ခဲ့ကြောင်းလည်း ဆိုသွားပါတယ်။

၎င်းတို့ဟာ ၂၀၀၈ ခုနှစ်ကတည်းက လက်တွဲလာခဲ့ကြပေမယ့်လည်း ယခုအခါ လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။ တရားဝင် ကွာရှင်းပြတ်စဲတာမျိုးတော့ မလုပ်ရသေးပါဘူး။

ဆက်လက်ပြီး ၎င်းက "အခုအချိန်အထိ တရားဝင်လက်ထပ်ထားတုန်းပါ။ ဒါပေမယ့် အတူမနေတော့ပါဘူး။ ဆက်ဆံရေးက အဆင်မပြေဘူး။ ပြီးတော့ ဆေးစွဲတာကလည်း အထောက်အကူမဖြစ်ဘူးလေ။ အခု ပြန်ကောင်းလာတွေ ရှိပေမယ့် အများကြီး ထိခိုက်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။

ဂျန်မက်ဟာ ADO Den Haag မှ ထွက်ခွာပြီးနောက် ရှီဗနင်ဂန်တွင် High Power Gym အမည်ရှိ အားကစားရုံဖွင့်ကာ အားကစားရုံလုပ်ငန်းစတင်လုပ်ဆောင်နေပါတယ်။

သူဟာ ကိုကင်းစွဲလမ်းမှု ပြဿနာကြောင့် ဆိုးဆိုးရွားရွား ကြုံခဲ့ပေမယ့်လည်း ယခုအခါ ဘဝအလှည့်အပြောင်း ဖြစ်လာစေရေး ကြိုးစားနေပြီလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂျန်မက်က "ကိုကင်းက အများကြီး ဖျက်ဆီးပစ်တယ်။ ကျွန်တော့်အတွက် မိသားစုနဲ့ သူငယ်ချင်းတွေ ရှိခဲ့ကြတယ်။ ဒါပေမယ့် လူတွေ အများကြီး စိတ်ပျက်စေခဲ့မိတယ်။ စပြီး လိမ်လာတယ်။ အရာရာကို ပုံပျက်အောင် လုပ်လာတယ်။ စိတ်ပင်ပန်းရတယ်ဆိုပေမယ့် တကယ်က အရမ်းနာကျင်ခဲ့ရတယ်။ အသက်အန္တရာယ်တောင် စိုးရိမ်ရလားဆိုတော့ တကယ့်ကို နက်နက်ရှိုင်းရှိုင်းဖြစ်ခဲ့တာ။ အရမ်းအရမ်း ဆိုးတဲ့ အချိန်တွေ ရှိခဲ့တယ်လို့ပဲ ပြောရမှာပေါ့။ ကစားသမားတစ်ဦးအနေနဲ့ အရာရာတိုင်း ပိုင်ဆိုင်ခဲ့တယ်။ အခုလည်း ပိုင်ဆိုင်တုန်းပါ။ ဒါပေမယ့် ဒီကာလမှာ အများကြီး ဖြစ်ပျက်ခဲ့တယ်။ တကယ့်ကို အများကြီးပါ"လို့ ပြောကြားသွားပါတယ်။

image