ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို စောင့်ရှောက်ပေးရန် ရေတပ်ကို အမိန့်ထုတ်ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြားတွင် ရေနံတင်သင်္ဘောများကို လိုက်ပါစောင့်ရှောက်ပေးရန် အမေရိကန်ရေတပ်ကို အမိန့်ထုတ်ပြန်ခဲ့သည်ဟု USNI News သတင်းတွင် ဖော်ပြခဲ့သည်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကွန်ရက်အတွက် အရေးပါသော ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေသည့် သင်္ဘောများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ထရန့်က အဆိုပါသင်္ဘောများကို အမေရိကန်စစ်တပ်က စောင့်ရှောက်ပေးရန်နှင့် စစ်အာမခံကြေးများ ထောက်ပံ့ပေးရန် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပင်လယ်ကွေ့အတွင်း ဖြတ်သန်းသွားလာနေသည့်၊ အထူးသဖြင့် စွမ်းအင်နှင့် ရေကြောင်းကုန်သွယ်မှုအားလုံးကို ဘဏ္ဍာရေးလုံခြုံစိတ်ချစေရေးအတွက် နိုင်ငံရေးဆိုင်ရာအန္တရာယ် အာမခံကြေးများနှင့် အာမခံချက်များကို သင့်လျော်သည့်နှုန်းထားဖြင့် ပံ့ပိုးပေးရန် အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာရေး ကော်ပိုရေးရှင်းကို အမိန့်ပေးလိုက်ပြီဖြစ်ကြောင်းနှင့် ထိုအမိန့်သည် ချက်ချင်းအာဏာသက်ရောက်ကြောင်း ထရန့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထို့ပြင် လိုအပ်လာပါက အမေရိကန်ရေတပ်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမည့် ရေနံတင်သင်္ဘောများကို စောင့်ရှောက်ပေးမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းသို့ စွမ်းအင်များ အတားအဆီးမရှိ စီးဆင်းနိုင်ရေးကို အမေရိကန်က အာမခံချက်ပေးမည်ဖြစ်ကြောင်း၊ အမေရိကန်၏ စီးပွားရေးနှင့် စစ်ရေးအင်အားသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်ကြောင်း ထရန့်က ရေးသားခဲ့သည်။

အမေရိကန်၏ မဟာမိတ်နိုင်ငံများဖြစ်ကြသော ဆော်ဒီအာရေဗျ၊ ကာတာ၊ ကူဝိတ်၊ ယူအေအီးနှင့် ဘာရိန်းနိုင်ငံတို့သည် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များကို တင်ပို့ရန်အတွက် ဟော်မုဇ်ရေလက်ကြားကို အားထားနေရပြီး ထိုဒေသသည် တစ်ကမ္ဘာလုံးရှိ ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်မှု စုစုပေါင်း၏ လေးပုံတစ်ပုံကို ထုတ်လုပ်ပေးလျက်ရှိသည်။

image