ပြည်ပရောက် CDMတွေကို သံရုံးက ပတ်စ်ပို့သက်တမ်း တိုးမပေးလို့ ဒုက္ခရောက်
မတ် ၃ ၊ ၂၀၂၆
ပြည်ပရောက် မြန်မာလုပ်သားတွေထဲက CDM လုပ်ထားသူတွေကို Passport သက်တမ်းတိုးမပေးတဲ့ ပြဿနာတွေတွေ ဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
နိုင်ငံရေးအပြောင်းအလဲကာလမှာ အစိုးရဝန်ထမ်းအဖြစ်ကနေ နူတ်ထွက်ပြီး CDM ပြုလုပ်ကာ ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်နေသူတွေကို သက်ဆိုင်ရာဌာနတွေက Black List စာရင်းသွင်းထားတာကြောင့် ပြည်ပရောက် CDM တွေကို မြန်မာသံရုံးက ပတ်စ်ပို့သက်တမ်းတိုးမပေးတော့တဲ့အတွက် အခက်အခဲဖြစ်နေကြရတယ်လို့ သိရပါတယ်။
" ကျွန်တော်က ထွက်စာလည်း ရထားပြီးပါပြီ။ အခုသံရုံးမှာ ပတ်စ်ပို့သက်တမ်းသွားတိုးတော့ Black List ထဲပါနေလို့ဆိုပြီး တိုးမပေးပါဘူး ။ အဲဒီတော့ သက်တမ်းမကုန်ခင် မြန်မာပြည်ပြန်ရမှာပါ ။ နိုင်ငံရေးနဲ့ပတ်သက်တာ ဘာမှလုပ်မထားဘူး ။Black List ဖြေလျော့ပေးဖို့ အသနားခံစာတော့ သံရုံးမှာတင်ထားခဲ့တယ် ။အလုပ်ကလည်း ရှိပြီးသားကို မပြန်ဘဲနဲ့ သံရုံးကနေ အဆင်ပြေအောင် လုပ်ပေးစေချင်တယ်။ ပြည်ပကို တခါထွက်ရဖို့ဆိုတာ မလွယ်ပါဘူးခင်ဗျာ ။ သက်ဆိုင်ရာလူကြီးတွေအနေနဲ့ အဆင်ပြေအောင်လုပ်ပေးဖို့ တောင်းဆိုပါတယ် ။" လို့ ပြည်ပရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။
ပြည်ပရောက် CDM မြန်မာလုပ်သားတွေကို ပတ်စ်ပို့သက်တမ်းတိုးမပေးတဲ့ကိစ္စဟာ ယခုနောက်ပိုင်းကာလမှာမှ ကြုံတွေ့လာရတာဖြစ်ကြောင်း ၊ သံရုံးတွေဆီကို CDM Black List စာရင်းတွေ ပေးပို့ထားတာကြောင့် သံရုံးတွေက တင်းကြပ်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
" ပတ်စ်ပို့ သက်တမ်းတိုးမပေးလို့ ၆ လပိုင်းဆိုပြန်ရမယ်။ ဘာလုပ်ရမှန်းမသိလို့ စိတ်ညစ်နေတယ်။ ဖြေရှင်းရမယ့် နည်းလည်း မသိဘူး ။ ပြန်သွားလို့ Black List စာရင်းကနေ ဖယ်ပေးရင်တော်သေးတယ်။ မဖယ်ပေးရင် ခက်မှာ ။ ခက်ခက်ခဲခဲနဲ့ ထွက်ပြီး အလုပ်လာလုပ်နေရတာဆိုတော့ ဒီမှာပဲ အဆင်ပြေအောင် လုပ်ပေးရင် ကောင်းမှာပါ ။ နိုင်ငံရေးလည်း ဘာမှမလုပ်ခဲ့ပါဘူး ။ဒီတိုင်း CDM လုပ်ပြီး ထွက်ခဲ့တာပါ။ တခြားဘာ ပြစ်မှုမှလည်း မလုပ်ထားပါဘူး ။ " လို့ ပြည်ပရောက် CDM မြန်မာ လုပ်သားတယောက်က ပြောပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ပြည်ပရောက် CDM လုပ်သားတွေကို Black List စာရင်းကနေ ပယ်ဖျက်ပေးပြီး ပတ်စ်ပို့သက်တမ်း တိုးပေးဖို့ တောင်းဆိုနေကြပါတယ်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ လုပ်ငန်းခွင်ကိုစွန့်ပြီး CDM လုပ်သွားတဲ့ ဝန်ထမ်းတွေအနေနဲ့ ပြစ်မှုကျူးလွန်ထားခြင်းမရှိပါက အမည်မည်းစာရင်း Black Lists ကနေပယ်ဖျယ်ပေးမှာဖြစ်လို့ တာဝန်ထမ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာဌာနကို သတင်းပေးပို့ ဆက်သွယ်ကြဖို့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ
ထပ်မံအသိပေးထားပါတယ်။
CDM Black List စာရင်းပယ်ဖျက်ပေးဖို့ ဆက်သွယ်လာသူတွေကိုမှ စိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိတဲ့ ဝန်ထမ်း နဲ့ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံပြီးသော်လည်း Black Lists ဝင်နေသူတွေကို အမည်မည်းစာရင်း (Black Lists) မှ ဖြေလျှော့ပေးနေတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနက အမည်မဖော်လိုသူတယောက်က အကြီးတန်းအရာရှိတယောက်က " Black List စာရင်းကနေ ဖျက်ပေးဖို့ ဆက်သွယ်လာသူတွေ စိစစ်ပြီး ပယ်ဖျက်ပေးနေတာတွေရှိပါတယ်။ဌာနအနေနဲ့တော့ ဆုံးဖြတ်မရဘူး ။ အထက်လူကြီးတွေတင်ပြပြီး စိစစ်လုပ်ပေးနေပါတယ်။ " လို့ ပြောပါတယ် ။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်ထုတ်ပေးရာမှာလည်း CDM ပြုလုပ်ထားသူတွေကို စာအုပ်ထုတ်မပေးတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေဆီက သိရပါတယ်။
CI စာအုပ် ပြုလုပ်သူတွေထဲကမှ CDM တွေကို မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်တာမျိုးရှိပြီး စာအုပ်ကိုတော့ ထုတ်ပေးခြင်း မရှိတာဖြစ််တယ်လို့ သိရပါတယ် ။
သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ CDM လုပ်သွားတဲ့ ဝန်ထမ်းတွေအနေနဲ့ ရောက်ရှိနေတဲ့ နေရာမှာ ယခင်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဌာနရဲ့ ရုံးတွေကို လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး နဲ့ ကောင်စစ် ဝန်ချုပ်ရုံးတွေကို ဖြစ်စေ ပြန်လည်သတင်းပေးပို့ ဆက်သွယ်ကြဖို့ အသိပေးထားပါတယ်။