ရှမ်းပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရန်ဆောင်ရွက်ပေးလျက်ရှိ
ရှမ်းပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ရှမ်းပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ် ဆေးရေးဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စနစ်တကျစီစဉ်ပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ တောင်ကြီး၊ ရွှေညောင်၊ ကလော၊ အောင် ပန်းမြို့များရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီပြတ်လပ်နိုင်သည်ဟုသတင်းများထွက်ပေါ်နေသဖြင့် အလုအယက်ဝယ်ယူမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်၌ ရှမ်းပြည်နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအတွက် အပတ်စဉ် PO များပုံမှန်ရရှိနေပြီး မတ် ၃ ရက်တွင် ဆီသယ်ဘောက်ဆာယာဉ်(၁၄)စီးရောက်ရှိခဲ့၍ ကလော၊ အောင်ပန်း၊ တောင်ကြီးမြို့များတွင် ဆီချလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မတ် ၃ ရက်ညနေပိုင်းကလည်း သီလဝါမှ ဆီကားများရောက်ရှိလာ၍ တောင်ကြီး၊ ကလော၊ အောင် ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ ပင်းတယမြို့များ၌ ဆီပြတ်တောက်မှုမဖြစ်ပေါ်နိုင်ဘဲ လိုအပ်ပါက ပုံမှန် Normal Po အပြင်၊ Urgent Po များပါဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။