ရီယာ့ဒ်ရှိ အမေရိကန်သံရုံးကို အီရန်က ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပေမယ့်လည်း ဆော်ဒီတွင် ရှိနေဆဲ ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
=====================
ခရစ္စတီယာနိုရော်နယ်ဒိုဟာ အရှေ့အလယ်ပိုင်းတွင် စစ်မီးတောက်လောင်နေမှုကြောင့် ထွက်ပြေးတိမ်းရှောင်သွားပြီလို့ သတင်းများ ထွက်ပေါ်နေခဲ့ပေမယ့်လည်း အင်္ဂါနေ့တုန်းက Al-Nassr ကစားဖော်များနှင့်အတူ ရှိနေဆဲ ဖြစ်ကြောင်း တွေ့ရပါတယ်။
အသက် ၄၁ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုပိုင် ပေါင် ၆၁ သန်းတန် ကိုယ်တိုင်ဂျက်လေယာဉ်မှာ တနင်္လာနေ့ညတုန်းက ဆော်ဒီမှ ထွက်ခွာကာ မက်ဒရစ်သို့ ပျံသန်းသွားမှုနှင့်အတူ ဆော်ဒီမှ ထွက်ပြေးသွားပြီလို့ သတင်းထွက်နေခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ကစားဖော်များနှင့်အတူ ဓာတ်ပုံအရိုက်ခံရပြီးနောက် ဆော်ဒီတွင်ပင် ရှိနေဆဲ ဖြစ်ကြောင်း အတည်ပြုလာနိုင်ပြီ ဖြစ်ပါတယ်။
Al-Nassr က တင်လာတဲ့ ဓာတ်ပုံနှင့် ဗီဒီယိုများအရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ အရှေ့အလယ်ပိုင်းတွင် စစ်မီးတောက်လောင်နေပေမယ့်လည်း ဆော်ဒီတွင်ပင် လေ့ကျင့်ခန်းဆင်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
ဒါပေမယ့် ခရစ္စတီယာနိုရော်နယ်ဒိုဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရရာ ပြန်ကစားနိုင်မယ့် အခြေအနေမှာတော့ မရှိသေးပါဘူး။
သူဟာ စနေနေ့ညတုန်းက Al-Fahya အား ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပင်နယ်တီ လွဲခဲ့သလို ပွဲနှောင်းပိုင်းတွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
ဆော်ဒီပရိုလိဂ်တွင် တစ်နေ့ လုပ်ခ ပေါင် ၄၈၈၀၀၀ ရရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယင်းဒဏ်ရာကြောင့် နွေရာသီ ကမ္ဘာ့ဖလားကိုပါ လွဲချော်လာမှာ စိုးရိမ်နေရပါတယ်။
Al-Nassr ဟာ အရှေ့အလယ်ပိုင်းတွင် စစ်မီးတောက်လောင်နေမှုနှင့်အတူ Al-Wasi နှင့် ကစားရမယ့် အာရှချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှစ်ကျော့လုံးအား ရွှေ့ဆိုင်းထားရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီတွင် ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်၊ ကလေး ၅ ဦးနှင့်အတူ နေထိုင်နေသူ ဖြစ်ပါတယ်။
အီရန်ဟာ အမေရိကန်နှင့် အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအား တုံ့ပြန်တဲ့အနေဖြင့် ဆော်ဒီအပါအဝင် အိမ်နီးချင်း နိုင်ငံများကို တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။
တနင်္လာနေ့ညတုန်းက ဆော်ဒီရဲ့ မြို့တော်ရီယာ့ဒ်ရှိ အမေရိကန်သံရုံးကို ဒရုန်းနှစ်စင်းက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဆော်ဒီရှိ နိုင်ငံခြားသားများ ပြည်ပသို့ ရှောင်တိမ်းမှုများ ပြုလုပ်နေကြပါတယ်။
တနင်္လာနေ့တုန်းက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ ညနေ ၈ နာရီအချိန်တွင် ဆော်ဒီမှ ထွက်ခွာသွားခဲ့ပြီး နံနက် ၁ နာရီအချိန်တွင် မက်ဒရစ်သို့ ရောက်ရှိနေကြောင်း တွေ့ရပါတယ်။
တဖက်တွင် အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ရောက်နေတဲ့ အမေရိကန်နိုင်ငံသားများအား စစ်ရေးပဋိပက္ခကြောင့် နိုင်ငံမှ အမြန်ဆုံး ထွက်ခွာကြရန် တိုက်တွန်းထားပါတယ်။