ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန် ပါဝင်ကစားလျှင်လည်း ဂရုမစိုက်လို့ ထရမ့် ပြောကြားလာ
=====================
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်အသင်း ပါဝင်ကစားလျှင်လည်း ၎င်းအနေဖြင့် ဂရုမစိုက်ကြောင်း ပြောကြားလာပါတယ်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပူးပေါင်းစစ်ဆင်နွဲနေပြီး အီရန်ကလည်း အမေရိကန်ရဲ့ မိတ်ဖက် နိုင်ငံများကို တိုက်ခိုက်နေကာ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခ ဖြစ်ပွားနေပါတယ်။

အမေရိကန်ဟာ ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကနေဒါ၊ မက္ကဆီကိုတို့နှင့်အတူ ကမ္ဘာ့ဖလားအား ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပလာပါမယ်။

ကမ္ဘာ့ဖလားတွင် အီရန် ပါဝင်ကစားလာမှုအပေါ် မေးမြန်းမှုအား ထရမ့်က "ကျုပ်ကတော့ လုံးဝကို ဂရုမစိုက်တာ။ အီရန်က အရမ်းကို ရှုံးနိမ့်နေတဲ့ နိုင်ငံလို့ ထင်တယ်။ သူတို့က မီးခိုးတွေ တလူလူနဲ့ ပြေးလွှားနေတယ်"လို့ ပြောကြားသွားပါတယ်။

အီရန်ဟာ ကမ္ဘာ့ဖလား ၄ ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ထားပါတယ်။ ၎င်းတို့ဟာ အယ်အေတွင် နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့်လည်းကောင်း၊ ဆက်တယ်တွင် အီဂျစ်နှင့်လည်းကောင်း ကစားရပါမယ်။

အီရန်ဘောလုံးအဖွဲ့ချုပ်က လက်ရှိ ဖြစ်ပျက်နေတဲ့ ပဋိပက္ခကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားရေး မရေမရာ ဖြစ်နေကြောင်း ဆိုထားပါတယ်။

တဖက်တွင် ဖီဖာကမူ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေများအပေါ် အထူးသတိထား စောင့်ကြည့်နေကြောင်းနှင့် ပါဝင်တဲ့ အသင်းတိုင်း လုံခြုံရေးကို အထူးဂရုစိုက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။

image