ဈေးကွက်အတွင်း စက်သုံးဆီဈေးတွေ မြင့်တက်လာ

မတ် ၂ - ၂၀၂၆

ပြီးခဲ့တဲ့လက အကျဘက်မှာရှိခဲ့တဲ့ ပြည်တွင်းက စက်သုံးဆီ ဈေးနှုန်းတွေဟာ မနေ့ ‌မတ် ၁ ရက်၊ နေ့လယ်ပိုင်းကစပြီး အလှုပ်အခတ် အနည်းငယ်နဲ့ ဈေးပြန်တက်လာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။

ဈေးကွက်အတွင်း ၉၂ ဓာတ်ဆီ တလီတာဈေးဟာ အရင်က ၂၃၉၅ ကျပ် ရှိခဲ့ရာက လက်ရှိမှာ ၂၄၈၀ ကျပ်ကို ရောက်ရှိနေပြီး ၉၅ ဓာတ်ဆီ တလီတာဈေးကတော့ အရင် ၂၃၈၅ ကျပ်ကနေ လက်ရှိ ၂၄၈၀ ကျပ် ဝန်းကျင်ကို ရောက်ရှိနေပြီး တရက်အတွင်း ကျပ် ၁၀၀ နီးပါး မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

“လောလောဆယ်က ဈေးတက်လာတာပဲ ရှိသေးတာ။ ဆီကတော့ ဝယ်လို့ရနေသေးတယ်။ လွယ်နေသေးတယ်ပေါ့။ တချို့ဆိုင်ကြီးတွေ Denko တို့၊ မြောက်ဥက္ကလာ အဝိုင်းနားက YP ဆိုင်နဲ့ Max ဆီဆိုင်တွေမှာတော့ တန်းစီရတယ်။ တခြားဆိုင်တွေကတော့ တန်းမစီရသေးဘူး” လို့ ရန်ကုန်မြို့က အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးတွေကတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၄၁၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၂၄၈၀ ကျပ်၊ ဒီဇယ် တလီတာ ၂၅၆၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၈၄၅ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့ ဈေးတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

“ဆီကတော့ အခုတော့ ဝယ်ရလွယ်နေသေးတယ်။ ခွဲတမ်းတန်း မဝယ်ရသေးဘူး။ ဆိုင်တွေ ပိတ်တာလည်း မရှိသေးဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကျပ်လာမယ့်သဘောတော့ ရှိနေတယ်။ အခုတောင် ဆီမရမှာကိုကြောက်ပြီး ဆိုင်တွေမှာ အကုန်ပြုံပြီး ဆီဖြည့်နေကြပြီ” လို့ ရန်ကုန်မြို့က နောက်ထပ် အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။

အီရန်နိုင်ငံကို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပြီးနောက် စစ်ရေး အခြေအနေကြောင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်တဲ့အတွက် လက်ရှိမှာ ကမ္ဘာ့လောင်စာဆီ အကျပ်အတည်း ပိုမိုဆိုးရွားလာနိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံကလည်း နိုင်ငံတွင်း စွမ်းအင်ဖူလုံစေဖို့ စက်သုံးဆီ ပြည်ပတင်ပို့မှု အားလုံးကို ချက်ချင်း ရပ်နားလိုက်ကာ အရေးပေါ် War Room ဖွင့်လှစ်ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ မနေ့ မတ် ၁ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။

ထိုင်းစွမ်းအင်ဝန်ကြီး အတ်တပွန် ရပ်ပီဘွန်းက မနေ့ မတ်လ ၁ ရက်မှာ အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန်ပြီး စွမ်းအင်အရေးပေါ် စောင့်ကြည့်ရေးဗဟိုဌာန (Energy Emergency Surveillance Centre) ကို စတင် အသက်သွင်းလိုက်သလို ပြည်တွင်းမှာ ဆီပြတ်လပ်မှု မရှိအောင်နဲ့ ကမ္ဘာ့ရေနံဈေး အဆမတန် မြင့်တက်လာပါက ပြည်သူတွေအပေါ် သက်ရောက်မှုနည်းအောင် စက်သုံးဆီ ပြည်ပတင်ပို့မှုအားလုံးကို ပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အခုလို အခြေအနေတွေ ရှုပ်ထွေးနေပေမယ့် စွမ်းအင်ဝန်ကြီးဌာနရဲ့ စစ်ဆေးချက်အရ ထိုင်းနိုင်ငံမှာ စက်သုံးဆီအတွက် စိုးရိမ်စရာမရှိသေးဘဲ ရက်ပေါင်း ၆၀ စာ အသုံးခံမယ့် ရေနံစိမ်းနဲ့ စက်သုံးဆီ လီတာသန်းပေါင်း ၇,၆၆၀ အရန်သင့်ရှိနေတယ်လို့ ဆိုပါတယ်။

အခုလို ထိုင်းနိုင်ငံက ပြည်ပနိုင်ငံတွေဆီ စက်သုံးဆီတင်ပို့မှု ဆိုင်းငံ့ကြောင်း ကြေညာပြီးတဲ့နောက် မြန်မာပြည်အတွင်းက စက်သုံးဆီဆိုင်တချို့မှာ ဆီတန်းစီ ဝယ်ယူမှုတွေ ရှိလာသလို ရှမ်းအရှေ့ပိုင်း၊ တာချီလိတ်မြို့မှာလည်း စက်သုံးဆီအလုအယက် ဝယ်ယူနေကြတဲ့အတွက် အကန့်သတ်နဲ့သာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

“ဒီမနက် တချို့ဆိုင်တွေ ရုတ်တရက် ပိတ်ကုန်တယ်။ ရောင်းတဲ့ဆိုင်တွေမှာတော့ ကားတွေ၊ ဆိုင်ကယ်တွေအကုန် တန်းစီပြီး ဆီဝယ်နေကြတယ်။ တခုခုဆို မြန်မာတွေရဲ့ စိုးရိမ်စိတ် လွန်ကဲတာတွေက ပြဿနာဖြစ်နေတာ။ ကုန်သည်တွေအကြိုက်ပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံက စက်သုံးဆီ ပြည်ပတင်ပို့မှုကို ဆိုင်းငံ့လိုက်တာကြောင့် ထိုင်းကစက်သုံးဆီကို မှီခိုနေရတဲ့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့မှာလည်း အကျပ်အတည်း ကြုံရနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ လူထုကြား ဝေဖန် ပြောဆိုမှုတွေလည်း ရှိနေတာပါ။

ဒါနဲ့ပတ်သက်လို့ စွမ်းအင်ဝန်ကြီးဌာနနဲ့ နီးစပ်သူက “မြန်မာက စက်သုံးဆီက စင်္ကာပူက အဓိက သွင်းနေတာ ဆိုပေမယ့် ထိုင်းအပါအဝင် နီးစပ်ရာနိုင်ငံတွေကနေလည်း တင်သွင်းတာ ရှိပါတယ်။ လောလောဆယ်တော့ မြန်မာမှာ ဆီအလုံအလောက် ရှိနေပါတယ်။ အရန်ဆီလည်း ရှိနေပါတယ်။ ဆီပြတ်မှာကို စိုးရိမ်ရမယ့် အခြေအနေတော့ မဟုတ်သေးပါဘူး။ ပြည်သူတွေ စိုးရိမ်စိတ် မလွန်ကဲကြဖို့ပဲ လိုပါတယ်” လို့ ပြောပါတယ်။

ဒါအပြင် ကမ္ဘာ့ရေနံဈေးကွက်မှာလည်း ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ထားတဲ့အတွက် ဈေးနှုန်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာနေပြီး လက်ရှိမှာ ကမ္ဘာ့ရေနံဈေးနှုန်းဟာ ဒေသအလိုက် ၁၀ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းအထိ ခုန်တက်သွားတယ်လို့ သိရပါတယ်။

နိုင်ငံတကာ ရေနံစျေးနှုန်းတွေဟာ အခု ၂၀၂၆ ခုနှစ် အစပိုင်းမှာ ၂၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီးဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ပေါက်စျေးဟာ တစည် ၇၃ ဒေါ်လာဝန်းကျင်မှာ ရှိခဲ့ရာက ဒီကနေ့ မတ်လ ၂ ရက်နေ့မှာတော့ ရေနံတစည်ကို ဒေါ်လာ ၉၀ နီးပါးအထိ မြင့်တက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

image